ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗုံးအလုံးရေ ရာနဲ့ချီကြဲချ

RFA Burmese
2025.03.17
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗုံးအလုံးရေ ရာနဲ့ချီကြဲချ ဖလမ်းမြို့နယ် တလန်ဇားကျေးရွာ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲအပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ် ဖလမ်းမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ခလရ (၂၆၈) တပ်စခန်းကုန်းကို ချင်းညီနောင်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ ခလရ (၂၆၈) တပ်စခန်းကုန်းနေရာကလွဲလို့ ဖလမ်းတစ်မြို့လုံးကို ချင်းညီနောင် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာပါ။

မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းမှာ စစ်ကောင်စီတပ်က ဗုံးလုံးရေ ၁၅၀ ကျော် ကြဲချခဲ့တာ အပါအဝင် တိုက်ပွဲတစ်ပတ်အတွင်းမှာ ဗုံးအလုံးရေ ငါးရာခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ်က RFA ကို ပြောပါတယ်။

“နှစ်ဖက်တိုက်ခိုက်မှုကတော့ ဒီနေ့အထိ ရှိနေဆဲပါပဲ၊ ၁၁ ရက်နေ့ကစပြီး Y12 ချည်းပဲ ငါးစီးလာတယ်၊ အဲဒါပြီးတော့ ဂျက်ဖိုက်တာရော တစ်နေ့ကုန် ပစ်တာပေါ့။ ၁၁ ရက်နေ့ကနေ တွက်မယ်ဆိုရင် တော်တော်လေးများတယ်၊ ၁၁ ရက်ကနေ ၁၆ အထိ လေးရာ၊ ငါးရာကျော်ရှိတယ်”

မတ်လ ၁၆ ရက်နေ့မှာ ဖလမ်းမြို့နဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ တလန်ဇားရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၁၄ ရက်နေ့ မှာလည်း ဖလမ်းမြို့နယ် စီဇာမွာလ်ရွာ ဗုံးကြဲခံရပြီးနေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ လ ရက်နေ့ကစပြီး ချင်းညီနောင်ပူးပေါင်းတပ်တွေက ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၃၀ ခန့်ကို ဖမ်းဆီးရမိတယ်လို့ CNDF က ပြောပါထားပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။