ဖလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ခုနစ်ဦး သေဆုံး

RFA Burmese
2025.01.06
ဖလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ခုနစ်ဦး သေဆုံး ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ အောင်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Chin National Defense Force Photo

ချင်းပြည်နယ် ဖလမ်းမြို့နယ်က တိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေ ထိန်းသိမ်းထားတဲ့ နေရာကို ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းခုနစ်ဦးနဲ့ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ရှစ်ဦး သေဆုံးသွားတယ်လို့ CNDF က ပြောပါတယ်။

ဖလမ်းမြို့နယ် ခွန်လုံး (kuanglung) ရွာ ဗုံးကြဲခံရတာဖြစ်ပြီး သေဆုံးထိခိုက်သူတွေရှိသလို စာသင်ကျောင်းနဲ့ ဆေးရုံလည်း ပျက်စီးသွားတယ်လို့ CNDF ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ် RFA ကို ပြောပါတယ်။

"စာသင်ကျောင်း၊ ဆေးရုံပျက်စီးသွားတယ်။ စစ်ကောင်စီက ရွာတိုင်းလိုလို ဗုံးကြဲနေတာတွေ ရှိတယ်။ လက်နက်ချ အလင်းဝင်လာတဲ့ သူ့လူတွေကိုတောင် မညှာပဲနဲ့ ရက်ရက်စက်စက် ဗုံးကြဲတယ်ဆိုတာက စစ်ကောင်စီရဲ့ ရဲဖြစ်ဖြစ်၊ တပ်သားဖြစ်ဖြစ် သိသင့်တယ်။ အမြန်ဆုံး လက်နက်ချဖို့ တိုက်တွန်းချင်ပါတယ်"

ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ချင်းညီနောင်တပ်ဖွဲ့က မြို့မှာနောက်ဆုံးကျန်နေတဲ့ ခလရ-၂၆၈ စခန်းကုန်း နေရာကို ဆက်လက် ထိုးစစ်ဆင်နေတာပါ။

စစ်ကောင်စီတပ်ကတော့ ဖလမ်းမြို့နယ်က ရွာတွေကို ဗုံးကြဲတာတွေ နေ့တိုင်းလိုလို ပြုလုပ်နေပြီး စစ်အင်အား တိုးချတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုက RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်နဲ့ ခရိုင်အဆင့် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ဆေးရုံကုန်းနေရာတွေကို သိမ်းပိုက်ထားပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။