ဟားခါးမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ငါးဦး ဒဏ်ရာရ

RFA Burmese
2025.02.24
ဟားခါးမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ငါးဦး ဒဏ်ရာရ ဟားခါးမြို့နယ်၊ ဟာသာကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟာသာကျေးရွာ (Halta) ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် နှစ်ဦး အပါအ၀င် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်တာ မရှိပါဘူး၊ လေကြောင်းကနေ လာပစ်တာ။ နေအိမ်လည်း ပျက်စီးတယ်၊ ဒေသခံတွေလည်း ထိခိုက်တယ်"

ထိခိုက်ဒဏ်ရာ ရသူတွေကို ဆေးကုသမှု ပေးထားတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သူက ဆိုပါတယ်။ ဟာသာကျေးရွာဟာ ဟားခါးမြို့နဲ့ မိုင် ၇၀ ခန့် ကွာဝေးပြီး အိမ်ခြေ ငါးဆယ်ခန့်နဲ့ လူဦးရေ ၃၅၀ ၀န်းကျင် နေထိုင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့မှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် အမြဲကြိုဆိုနေကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပေမဲ့ အဲဒီနေ့မှာပဲ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

RFA စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ထောင့် ခုနစ်ရာကျော် (၁၇၆၉ ဦး) သေဆုံးပြီး သုံးထောင့် ခုနစ်ရာကျော် (၃၇၂၀) ဒဏ်ရာရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။