လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား ၂၈၀ ဦး သေဆုံး

RFA Burmese
2025.03.04
လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား ၂၈၀ ဦး သေဆုံး ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
Chinland Defense Force Matupi

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ လေးနှစ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား သုံးရာနီးပါး (၂၈၀ ဦး) သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က မတ်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ပက ချင်းတိုင်းရင်းသားတွေနေထိုင်ရာဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်လုပ်ခဲ့ပြီး ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ အခြားစစ်တပ်သုံးလေယာဉ်တွေအပါအဝင် လေယာဉ် လေးရာကျော်နဲ့ ဗုံးအလုံးရေ ကိုးရာကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး အရပ်သားတစ်ရာကျော်နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၆ ဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင် ၂၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်အတွင်း နေအိမ်လေးရာကျော် (၄၀၆ အိမ်)၊ ဘာသာရေးအဆောက်အဦ ၂၃ လုံးနဲ့ အစိုးရ အဆောက်အဦ ၃၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးတွေနေထိုင်တဲ့ အရပ်ဒေသတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်းလုပ်ခဲ့ပြီး အရပ်သား တစ်ရာကျော်နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင်၂၄၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်တစ်ထောင်နီးပါး (၉၇၈ အိမ်)၊ ဘာသာရေးအဆောက်အဦ ၁၆ လုံးနဲ့ အစိုးရအဆောက်အဦ ၁၀ လုံး ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အရပ်သားပြည်သူသေဆုံးမှု ၇၁ ရာခိုင်နှုန်းရှိပြီး တော်လှန်ရေးအဖွဲ့ဝင်တွေသေဆုံးမှုက ၂၉ ရာခိုင်နှုန်းသာရှိတာကြောင့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာ ထင်ရှားတယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ အရပ်သားနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။