နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု သံဃာတော်ကိုးပါးနဲ့ အရပ်သားငါးဦးသေဆုံး

2025.03.16
နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု သံဃာတော်ကိုးပါးနဲ့ အရပ်သားငါးဦးသေဆုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က စိန်ရတနာဘုန်းကြီးကျောင်းကို ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA NEWS

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က စိန်ရတနာဘုန်းကြီးကျောင်းကို မတ်လ ၁၆ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်ကိုးပါးနဲ့ အရပ်သား ငါးဦးအပါအဝင် ၁၄ ဦး ထိခိုက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးကြတာလို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေ ငါးနာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတာ၊ သံဃာတော်ကိုးပါးသေဆုံးတာ ကိုရင်ရှစ်ပါးနဲ့ ဦးဇင်းတစ်ပါးပါတယ်၊ ပြည်သူငါးဦးသေဆုံးတာက အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦးပါတယ်”

ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နောက်ထပ်နှစ်ကြိမ် စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။  

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရကြောင်းပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြီး နေအိမ်နဲ့ကျောင်းဆောင်လည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံပေါ် ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်တာ အရပ်သားသုံးဦး သေဆုံးခဲ့ရပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ နောင်ချိုမြို့ပေါ်ကို လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် လန်းဆန်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဒေသခံ ၁၁ ဦး၊ လုံးစံရွာက ကလေးငယ် တစ်ဦး၊ ဈေးရပ်ကွက်က အမျိုးသား တစ်ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ၃,၇၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။