နောင်ချိုကို ဗုံးအလုံးရေ နှစ်ရာနီးပါးနဲ့ စစ်ကောင်စီတိုက်ခိုက်ကြောင်း TNLA ထုတ်ပြန်
2025.02.15

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက တစ်ရက်တည်းမှာ ဗုံးအလုံးရေ နှစ်ရာနီးပါးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ TNLA က သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်ထဲက နာဆွေရွာ၊ အုမ္မတီးရွာ၊ ညောင်နီရွာနဲ့ တောင်ရွှေရွာတို့ကို စစ်ကောင်စီတပ်က တောင်ခမ်းစခန်းကနေ လက်နက်ကြီးနဲ့ Y-12 လေယာဉ်သုံးပြီး ဗုံး ၁၇၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တောင်ခမ်းစခန်းက ခမရ (၄ဝ၆)၊ တပ်ရင်း (၃၅၄) နဲ့ တပ်ရင်း (၉၀၂) တို့ကနေ လက်နက်ကြီး အလုံးရေ ၁၃၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သလို Y-12 လေယာဉ်နဲ့ နာဆွေရွာထဲကို ဗုံး ၃၈ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေအသေးစိတ်ကို သိရဖို့ TNLA ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလောအကြောင်းမပြန်သေးပါဘူး။
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အခုလိုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီနေ့မှာပဲ TNLA ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။
TNLA ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ကိုးဦးနဲ့ စစ်ကောင်စီဘက်က ကစထ (၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့က ဆွေးနွေးကြမှာဖြစ်တယ်လို့ ဒီမနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ နှစ်ဖက်ဆွေးနွေးကြမှာဖြစ်ပြီး ဘယ်နှစ်ရက်ကြာမယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ နှစ်ဖက်ဆွေးနွေးပွဲအခြေအနေအပြင် နောင်ချိုမြို့နယ်ကို တိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။