စစ်ကောင်စီတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသက အရပ်သား ၃၄ ဦးသေဆုံး၊ ၈၇ ဦး ဒဏ်ရာရ
2024.11.03

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ သီပေါမြို့နယ်တွေမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၄ ဦးသေဆုံးပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က နိုဝင်ဘာ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
TNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီရဲ့ အောက်တိုဘာလ တိုက်ခိုက်မှုအတွင်း နောင်ချိုမြို့နယ်မှာ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၄ ဦး သေဆုံးပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ စာစောင်မှာဖော်ပြပါတယ်။ အလားတူ နမ့်ဆန်မြို့နယ်မှာလည်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို အမျိုးသား လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သီပေါမြို့နယ်က တိုက်ပွဲတွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး သုံးဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA စာစောင်မှာ ဖော်ပြပါတယ်။
ကွတ်ခိုင်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၀၁ လုံး ဘုန်းကြီးကျောင်း နှစ်ကျောင်း ပျက်စီးခဲ့တယ်လို့ TNLA က ပြောထားပါတယ်။