အွန်လိုင်းဒုစရိုက်လုပ်ငန်းတွေက နိုင်ငံသား ငါးရာကျော် ပြန်လွတ်မြောက်ဖို့ အိန္ဒိယကြိုးပမ်း
2025.03.13

ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ မြဝတီမှာရှိတဲ့ အွန်လိုင်းဒုစရိုက်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ငါးရာကျော် လွတ်မြောက်ဖို့ အိန္ဒိယအစိုးရက ကြိုးပမ်းနေကြောင်း The Times of India က မတ် ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီနဲ့သာမက တခြားပါဝင်ပတ်သက်သူတွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က သံတမန်ရေးအရ အပြင်းအထန်ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံက အိန္ဒိယသံရုံးတွေ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံသား ၅၄၀ နီးပါး မကြာသေးခင်က ထိုင်းနိုင်ငံ မဲဆောက်ကနေတစ်ဆင့် နေရပ်ပြန်ရောက်ပြီးနောက် အခုလိုဆောင်ရွက်လာတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသား နှစ်ထောင်ကျော်နီးပါး ထိန်းသိမ်းခံထားရတုန်းပဲလို့လည်း MEA သတင်းရင်းမြစ်တွေက ခန့်မှန်းပါတယ်။
အွန်လိုင်းဒုစရိုက်လုပ်ငန်းက ထွက်ခွာဖို့ကြိုးစားသူတွေ နေရပ်ပြန်နိုင်ဖို့ ကရင်နယ်ခြားစောင့်တပ် (BGF)က ကူညီနေချိန်မှာ အိန္ဒိယလူမျိုးအများစုက ဒီလုပ်ငန်းကို ဆက်လုပ်ချင်တဲ့ ဆန္ဒရှိကြပြီး ပြန်လွှဲအပ်မှာကို ငြင်းဆန်ကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။
မြဝတီဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းကြီးတွေရဲ့ ဗဟိုချက်မဖြစ်လာနေပြီး အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝန်းကလူတွေကို အွန်လိုင်းကနေ ပစ်မှတ်ထားလိမ်လည်ဖို့ အဲဒီမှာ ပိတ်မိနေသူတွေ အဓမ္မစေခိုင်းခံကြရပါတယ်။ ဒါ့အပြင် ပြန်ပေးငွေ အလုံးအရင်းမပေးနိုင်သရွေ့ ဒီလုပ်ငန်းက မထွက်ခွာနိုင်ကြဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပြင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့မှာလည်း အွန်လိုင်းဒုစရိုက်လုပ်ငန်းတွေ လည်ပတ်နေကြပါတယ်။