ရန်ကုန် သပိတ်အဖွဲ့ဝင်လေးဦးကို စွဲချက်တင်ပြီး အင်းစိန်ထောင်ပို့
2024.10.13

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူလေးဦးကို ရန်ကင်းတရားရုံးကနေ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ အမှုစွဲပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ ပြောပါတယ်။
သပိတ်ဦးဆောင်သူလေးဦးဖြစ်တဲ့ ကိုဇော်လင်းထွဋ် (ခေါ် ) ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ဟာ စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာလုပ်တဲ့ “ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲအပြီးမှာ ဖမ်းဆီးခံလိုက်ရတာပါ။
သူတို့လေးဦးကို အင်းစိန်ထောင် အထူးတရားရုံးမှာ လာမဲ့ရက်ပိုင်းအတွင်း စစ်ဆေးဖို့ ရှိနေတယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမ အဖမ်းခံရတဲ့လေးဦးကို ရန်ကင်းမြို့နယ် တရားရုံးကနေ စွဲချက်တင်လိုက်ပြီ။ ၅၀၅ -က နဲ့။ သူတို့ကို အင်းစိန်ထောင်ကို ပို့ထားပြီးတော့ လာမဲ့ရက်ပိုင်းမှာ အင်းစိန်အထူးတရားရုံးမှာ စစ်ဆေးမယ်”
ဒီ့အပြင် အောက်တိုဘာ ၉ ရက်နေ့မှာ ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးခံခဲ့ရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်တို့ဟာ စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ သူက ပြောပါတယ်။
သူတို့နှစ်ဦးမှာ အန္တရာယ်ရှိနေပြီး ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ စစ်တပ်က တာဝန်ယူရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူ နှစ်သောင်းတစ်ထောင်ကျော် (၂၁,၀၄၄ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။