မကွေး ပေါက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ဝန်ခြုံးရွာမှာ မီးရှို့မှုတွေရှိနေ

2021.09.02
မကွေး ပေါက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ဝန်ခြုံးရွာမှာ မီးရှို့မှုတွေရှိနေ စစ်ကောင်စီ တပ်စွဲထားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်ခြုံးရွာမှာ စက်တင်ဘာလ ၂ ရက်နေ့ မီးရှို့ခံရလို့ မီးခိုးလုံးတွေ ထွက်ပေါ်နေတာကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပေါက်မြို့နယ်က စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ ဝန်ခြုံးရွာမှာ ဒီနေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း မီးရှို့ခံရလို့ မီးခိုးလုံးတွေ ထွက်ပေါ်လာတာကို အဝေးကလှမ်းမြင်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရွာထဲကနေရာအချို့မှာ မီးရှို့တာတွေရှိနေပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဝန်ခြုံးရွာသားတစ်ဦးက ပြောပါတယ်။

“နေ့လယ်က မီးရှို့နေတာ မီးခိုးတွေ တွေ့ရတယ်။ မနက်က သူတို့လာလို့ ထွက်ပြေးတဲ့ ဒေသခံတွေကို လက်နက်ကြီးနဲ့ထုတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပေမယ့် ချောင်းနား ရွာသစ်ရွာက တစ်ယောက် ဖမ်းခံလိုက်ရတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို လိုက်ရှာနေတယ်ကြားတယ်။ ထပ်လည်းဖမ်းဖို့ ရှိတယ် ဆိုလို့ ရွာသားတွေ မပြန်ရဲကြဘူး။ လက်နက်ကြီးတွေနဲ့ လိုက်ပစ်တဲ့အထဲမှာ ပျူစောထီးတွေလည်း ပါတယ်။ ပြည်သူတွေ တော်တော်ခံစားနေရပါတယ်။ စစ်ဘေး၊ ရိက္ခာပြတ်တာတွေနဲ့ ရာသီဥတု ဒဏ်ပါ ခံစားနေကြရတယ်။ ဒီတစ်ခေါက်က တော်တော်ဆိုးပါတယ်”

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရာဘက်ကိုလည်း လက်နက်တွေနဲ့ လှမ်းပစ်တာတွေ ရှိနေတယ်လို့ဆို ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ၂၇ ရက်နေ့ကစပြီး ကင်းမရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားသလို ဝန်ခြုံးရွာမှာလည်း သြဂုတ်လ ၂၉ ရက်နေ့ကပင် တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ကစပြီး ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို ရွာထဲက စစ်တပ်က တပ်စွဲထားတဲ့ အတွက် ဒီနေ့ မီးရှို့ခံရတဲ့အခြေအနေကို သွားရောက်မကြည့်နိုင်သေးဘူးလို့ ဆိုပါတယ်။

မနေ့ကတော့ ကင်းမရွာမှာ ပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ ကျော်နဲ့ မိုးကာတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကင်းမနဲ့ ဝန်ခြုံးကျေးရွာတွေအပြင် အဲဒီ ဒေသမှာရှိတဲ့ ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ပတ်သက်လို့ ရှာဖွေဖမ်းဆီး နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ကျေးရွာပေါင်း ၃၀ လောက်က ဒေသခံ ငါးသောင်းလောက်ဟာ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။

ကင်းမနဲ့ ဝန်ခြုံးရွာဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။