မြန်မာနဲ့ ကမ္ဘာတစ်လွှားက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းများ
2021.08.31

မနေ့က ည ၈ နာရီထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စုစုပေါင်းသေဆုံးသူ ၁၅,၂၈၇ ယောက် ရှိသွားပြီလို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ လူ ၁၀၄ ယောက် ထပ်မံ သေဆုံးပြီး အတည်ပြုလူနာသစ် ၃,၅၈၃ ယောက် ထပ်တွေ့ရတဲ့အတွက် တရားဝင် စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၉၅,၈၈၃ ယောက်ရှိသွားပါပြီ။ ကိုဗစ်ကူးစက်နှုန်းထိန်းဖို့ စက်တင်ဘာ ၁ ရက်က ၁၀ ရက်ထိ အများပြည်သူ ရုံးပိတ်ရက်တိုးမြှင့် သတ်မှတ်လိုက်တယ်လို့လည်း စစ်ကောင်စီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်နဲ့ ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ပါတယ်။ ဘဏ်တွေကတော့ အကျုံး မဝင်ပါဘူး။ ကာကွယ်ဆေးနဲ့ပ တ်သက်လို့လည်း ဒီလ ၂၉ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာ တွေမှာ တရုတ်နိုင်ငံလုပ် Sinopharm ကာကွယ်ထိုးဆေး နှစ်သန်းရောက်ရှိလာပြီလို့ ဖော်ပြပါတယ်။
နိုင်ငံတကာ သုတေသီတွေပြုစုတဲ့ WorldOmeter ဇယားမှာ မြန်မာဟာ ကမ္ဘာ့ ၆၄ နိုင်ငံမြောက် ကိုဗစ်-၁၉ အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၅၄ သန်းခွဲကျော် ရှိပေမယ့် လူတစ်သန်းကို ခြောက်သောင်း ကျော်နှုန်းနဲ့လူ သုံးသန်းခွဲကျော်ကိုပဲ ရောဂါကူးစက်တာ ရှိ-မရှိ စစ်ဆေးနိုင်တယ်လို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံဝူဟန်မြို့က ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ Coronavirus ကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လူကလူကို ကူးစက်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီး စဖြစ် ပွားချိန်ကစလို့ ခုဆို ကမ္ဘာတစ်ဝန်းက လူလေးသန်းခွဲကျော် သေဆုံးသွားပြီ ဖြစ်ပါတယ်။
၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်မှာ လူကလူကိုကူးတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေပြီဆိုတာ ကမ္ဘာကို တရုတ်က လူသိရှင်ကြားကြေညာပြီး နှစ်နှစ်လောက်အကြာ ဒီနှစ် ဒီဇင်ဘာ ၁ ရက်မတိုင်ခင် ဥရောပမှာ နောက် လူ ၂၃,၆၀၀၀ ထပ်မံသေဆုံးနိုင်တယ်လို့ WHO က မနေ့ကပဲ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာသူတွေဆီမှာ စတွေ့ရတဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စဖြစ်ပွားတဲ့ ဒုတိယလှိုင်းမှာ ကူးစက်-သေဆုံးနှုန်းကို အထိုက်အလျောက်ထိန်းနိုင်ပေမယ့် စစ်အာဏာသိမ်းပြီးချိန်နဲ့ မရှေးမနှောင်းဝင်လာတဲ့ Delta variant ကိုဗစ်တတိယလှိုင်းမှာ ထိန်းနိုင်ဖို့ အတော်ခက်ခဲသွားပါတယ်။
ရန်ကုန်မှာ လုံခြုံရေးအခြေအနေရ တစ်နေရာက တစ်နေရာသွားရင်းလာရင်း အဆင်မသင့်ရင် လမ်းပိတ်တာနဲ့ ကြုံရင်ကြုံ ဒါမှမဟုတ် အစစ်အဆေး အမေးအမြန်းနဲ့ တိုးရင်တိုးတတ်တာမို့ သွားရလာရခက်တဲ့ကြား ကိုဗစ် လူနာ အတွက်ဖြစ်ဖြစ် တခြားဝေဒနာရှင်အတွက် ဖြစ်ဖြစ် ဆေးရှာရတယ်လို့ လူနာရှင် တစ်ယောက်က ပြောပါတယ်။ ဆေးဆိုင်ပိတ်တာနဲ့ကြုံရင် ကြုံရ။ ဒါမှမဟုတ် လိုချင်တဲ့ဆေးမရှိရင် တခြားဆိုင်တွေ ရှာရတယ် လို့ပြောပါတယ်။ ဆေးရုံတွေ မရောက်ဘဲ အိမ်မှာတင် ကိုဗစ်လူနာ သေဆုံးတဲ့ဖြစ်ရပ်မှာ ကြုံလေ့ ရှိတာကို ရန်ကုန်မြို့က ဒေသခံတစ်ယောက်က ပြောပြပါတယ်။
ထူပေဒဏ်ပေခံနိုင်တဲ့ လူမျိုးမို့ကြာရင် herd immunity အုပ်စုလိုက် ကိုယ်ခံအား ရသွားဖို့ပဲ ဆုတောင်း ရတယ်လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။ ရောဂါပြီးသူ ဒါမှမဟုတ် ကူးစက်ရောဂါ ကိုယ်ခံအား ရသွားတဲ့လူက ကိုယ်ခံအား မရှိသေးသူတွေကို သွယ်ဝိုက်ပြီး ရောဂါက ကာကွယ်ပေးတာဖြစ်ပါတယ်။
ဒေသတွင်းရှိတဲ့ လူဦးရေ ၈၀% က ဗိုင်းရပ်စ်တစ်မျိုးအတွက် ကိုယ်ခံအားရရှိရင် လူငါးယောက်မှာ လေးယောက်နှုန်းက ရောဂါပိုးနဲ့ ထိတွေ့ပေမယ့် မကူးစက်တဲ့အတွက် ရောဂါထပ်မဖြန့်နိုင်တော့ဘဲ ကူးစက်နှုန်း ထိန်းနိုင်ပါတယ်။ ရောဂါပိုး ကူးစက်နိုင်စွမ်းပေါ် မူတည်ပြီး Herd Immunity ဖြစ်ဖို့ လူဦးရေ ရာခိုင်နှုန်း ၇၀ ကနေ ၉၀ အတွင်း ကိုယ်ခံအား ရရှိဖို့လိုတယ်လို့ ပြောပါတယ်။
အသွားအလာ မကန့်သတ်ဘဲ Herd Immunity ကို ဥရောပက ဆွီဒင်နိုင်ငံကျင့်သုံးပေမယ့် ကူးစက်နှုန်း မထိန်းနိုင်တဲ့ ဖြစ်ရပ်ရှိပါတယ်။ ဥရောပမှာ ကပ်ရောဂါ စဖြစ်ကတည်းက လူ ၆၅ သန်းကျော်ကူးစက်ခံရပြီး တစ်သန်းသုံးသိန်း သေဆုံးရတယ်လို့ WHO ကပြောပါတယ်။ ဧပြီမှာ ကူးစက်နှုန်းကျဆင်း သွားပေမယ့် ဥရောပတစ်ဝန်း ဇွန်လကုန်မှာ ကိုဗစ်ပြန်ဖြစ်ပွားတယ်လို့လည်း ပြောပါတယ်။