မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်းပြော

2025.03.01
မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်းပြော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Permanent Mission of Myanmar to the United Nations Photo

ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာဖွေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ကိုက်ညီပြီး ထိရောက်တဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် တခြားလူနည်းစုတွေနဲ့ဆိုင်တဲ့ အဆင့်မြင့် နိုင်ငံတကာညီလာခံ ကျင်းပပြုလုပ်ရေးနဲ့ပတ်သက်တဲ့ အဆိုမူကြမ်းကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက ပြောလိုက်တာပါ။

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် သိက္ခာရှိစွာ နေရပ်ပြန်ရောက်နိုင်ဖို့ အပါအဝင် ရေရှည် တည်တံ့တဲ့အဖြေရရှိဖို့ အရေးကြီးသလို နေရပ်ပြန်ဖို့ သင့်တော်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးဖို့ အထူးလိုအပ်ပြီး ဒီအရေးကို ဖြေရှင်းဖို့အတွက် အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရေရှည် တည်တံ့တဲ့အဖြေရဖို့အတွက် ပြဿနာရဲ့ဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့၊ နိုင်ငံရေးအရ အဖြေရဖို့နဲ့ ပြဿနာရဲ့ ဇစ်မြစ်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီး ကျူးလွန်နေတာကြောင့် စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေဟာ နေ့တိုင်း အကြောက်တရားနဲ့ နေထိုင်နေကြရပြီး စိတ်လုံခြုံမှု မရှိကြတဲ့အကြောင်းလည်း ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ဖို့ အားလုံးထက် မြန်မာပြည်သူတွေက လိုလားပြီး နိုင်ငံတကာ အသိုက်အဝန်း အပါအဝင် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေဆီက အပြုသဘောဆောင်တဲ့ အကူအညီတွေ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။