မြန်မာပြည်သူ ၁၀ သန်း လျှပ်စစ်ဓာတ်အား ရရှိရေး ကမ္ဘာ့ဘဏ် ကူညီပေးမည်

မြန်မာနိုင်ငံဒေသအားလုံးမှာ လျှပ်စစ် ဓာတ်အားမရရှိတဲ့ ပြည်သူသန်းပေါင်း များစွာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင် ဖို့ လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ် လို့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဒီကနေ့မှာ သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

2013.02.05
candle_tea_shop_305px.jpg လျှပ်စစ်မီးပျက်နေသောကြောင့် ရန်ကုန်မြို့ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ဖယောင်းတိုင်မီး ထွန်းထားပုံ
Photo: AFP

ကမ္ဘာ့ဘဏ်လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးလုပ်ငန်းကော်ပိုရေးရှင်း IFC (International Finance Corporation) ရဲ့ အမှုဆောင် အရာရှိချုပ် ဂျင်ယောင်ချိုင်း က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လာမယ့်လပိုင်းအတွင်း နောက်ထပ်လျှပ်စစ်ဓာတ်အား ၃၀၀ မီဂါဝပ် တိုးချဲ့အသုံးပြုနိုင်အောင် ကူညီပေးသွားမှာဖြစ်ကြောင်း၊ အဲဒ့ီအကူအညီကြောင့် မြန်မာနိုင်ငံတဝှမ်းက ပြည်သူ ၁၀ သန်းလောက် လျှပ်စစ်မီးရရှိလာမှာဖြစ်ကြောင်း မစ္စတာ ဂျင်ယောင်ချိုင်း က သတင်းမီဒီယာတွေကို ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရာမှာ ဘဏ်လုပ်ငန်း၊ အင်တာနက် ဆက်သွယ်ရေးလုပ်ငန်း၊ အသေးစားငွေချေးလုပ်ငန်း၊ သွင်းကုန်ပို့ကုန်နဲ့ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ရေး စတဲ့ ရေရှည်အစီအစဉ်တွေလည်း ချမှတ်ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအိုနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ကျေးလက်ဒေသတွေအထိ ပေးဝေနိုင်ဖို့ ကမ္ဘာ့ဘဏ်က ကူညီခဲ့တာကြောင့် လာအိုပြည်သူ ၈၀ ရာခိုင်နှုန်းလောက် လျှပ်စစ်မီးသုံးနေနိုင်ကြပြီး၊ ဗီယက်နမ်နိုင်ငံမှာလည်း ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ပြည်သူ ၉၇ ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲနိုင်ကြပြီလို့ ဆိုပါတယ်။

မစ္စတာဂျင်ယောင်ချိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးရေးအပါအဝင် ရေတိုရေရှည်ကူညီရေး စီမံကိန်းကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။