၃ ရက်ကြာ အမျိုးသမီးဖိုရမ် ရန်ကုန်မှာ စတင်ကျင်းပ
2013.09.20

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးမှာ အမျိုးသမီးထုအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးညီလာခံတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်က Excel တာဝါမှာ ဒီနေ့ကစပြီး စက်တင်ဘာ၂၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ဒီညီလာခံနဲ့ ပတ်သက်လို့ တက်ရောက်လာသူ မြန်မာနိင်ငံ အမျိုးသမီးအဖွဲ့များ ကွန်ရက်ခေါင်းဆောင် နော်စူစန်နာလှလှစိုးက အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံဟာ တောက်လျှောက်ပေါ့နော် အမျိုးသမီးတွေရဲ့ နိုင်ငံတော်တည်ဆောက်မှုမှာ ရှိတော့ရှိခဲ့တယ်၊ သို့သော်လည်း အင်မတန်မှနည်းတယ်၊ နေရာလည်းမရခဲ့ဘူး၊ အဲဒါကြောင့်မို့ ဒီဖိုရမ်မှာ ကျမတို့ဆွေးနွေးပွဲမှာ ရရှိလာတဲ့အချက်တွေကို ကြေညာချက်စာတမ်းအနေနဲ့ ထုတ်မယ်၊ အဲဒါတွေကိုလည်း သက်ဆိုင်ရာအသီးသီးကို ပို့ဆောင်သွားမယ်ဆိုတော့ တာဝန်ရှိတဲ့လူတွေကလည်းပဲ ကျမတို့အမျိုးသမီးတွေဟာ တကယ်ပဲ တိုင်းပြည်တည်ဆောက်မှုလုပ်ငန်းတွေမှာ အဓိကနေရာကနေ ပါဝင်လာနိုင်မယ်လို့ ကျမတို့မျှော်လင့်ထားပါတယ်”
အမျိုးသမီးများဖိုရမ်မှာ ဆွေးနွေးကြမယ့် ခေါင်းစဉ်တွေကတော့ အမျိုးသမီးတွေကို တရားဥပဒေအရ အကာအကွယ်ပေးရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးထုပါဝင်ခွင့်ရရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေး၊ ကျား၊ မတန်းတူရေးစတဲ့ ခေါင်းစဉ်လေးခုနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီနေ့ဖွင့်ပွဲကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက အမျိုးသမီးခေါင်းဆောင်တွေနဲ့ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းတွေက အမျိုးသမီးကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
၃ ရက်ကြာ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။