ခြံအမှတ် (၅၄) လေးကြိမ်မြောက်လေလံ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ ကန့်ကွက်

RFA Burmese
2025.03.07
ခြံအမှတ် (၅၄) လေးကြိမ်မြောက်လေလံ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ ကန့်ကွက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် လေလံကိစ္စ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်ဘေးက အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ကြမ်းခင်းဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က မတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ ကန့်ကွက်လွှာ တင်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအိမ်နဲ့ ခြံကို သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ အောင်မြင်မှုမရှိတာကြောင့် ဈေးလျှော့ပြီး ထပ်မံလေလံတင်ရောင်းချဖို့ တရားရုံးကို လျှောက်ထားတာဟာ ဥပဒေနဲ့မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာလို့ အမှုအခြေအနေကို သိရှိတဲ့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကမာရွတ်ခရိုင်တရားရုံးရဲ့ အစီအစဉ်နဲ့ ဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ်၊ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ်၊ ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံတင် ရောင်းချခဲ့တာပါ။

လက်ရှိမှာ နောက်ဆုံးကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ၂၇၀ ဘီလီယံအထိ ၂၇ ဘီလီယံ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တရားရုံးကို တင်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားတာကြောင့် လာမဲ့ မတ်လ ၂၀ ရက်နေ့မှာ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ စစ်ကောင်စီတာဝန်ရှိသူတွေကို တရားဝင် တောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့် ပေး၊ မပေး ကိစ္စအပေါ် စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ခြံအမှတ် (၅၄) နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အခုတစ်ခေါက် အာဏာသိမ်းပြီးနောက်မှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရပြီး ထောင် ၂၇ နှစ် ဆက်လက်ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။