ခြံအမှတ် (၅၄) ကို လျှော့စျေးနဲ့ လေလံတင်ဖို့ တရားရုံး ဆုံးဖြတ်
2025.03.25

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို မူလကြမ်းခင်းဈေးကနေ ကျပ် ၂၇ ဘီလီယံလျှော့ချပြီး လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးကြိမ်မြောက်လေလံပွဲမှာ ကျပ်ငွေ ၂၉၇ ဘီလီယံနဲ့ လေလံတင်ခဲ့ပေမဲ့ ဝယ်ယူမဲ့သူ မရှိခဲ့ပါဘူး။ ဒါကြောင့် လာမဲ့ လေးကြိမ်မြောက် လေလံပွဲအတွက် ကျပ် ၂၇၀ ဘီလီယံအထိ ၂၇ ဘီလီယံ ဈေးလျှော့ပြီး ရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ တင်ပြချက်ကို တရားရုံးက အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။
လေးကြိမ်မြောက် လေလံပွဲကို လာမဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ရမဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ကမာရွတ်ခရိုင် တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ ကျပ် ၃၀၀ ဘီလီယံ၊ တတိယ အကြိမ် ကျပ် ၂၉၇ ဘီလီယံနဲ့ အသီးသီးရောင်းချခဲ့ပေမဲ့ ဝယ်ယူမဲ့သူ မရှိခဲ့တာပါ။
လေလံကြမ်းခင်းဈေးနှုန်း အဆမတန် များလွန်းတာအပြင် နိုင်ငံရေးအရ အရေးပါတဲ့ သမိုင်းဝင် နေအိမ်ဖြစ်ကြောင့် ဝယ်ယူဖို့ လက်တွန့်ကြတာဖြစ်နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူ အချို့က ပြောပါတယ်။
အသက် ၈၀ ထဲ ရောက်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒီနေ့အထိ နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။