ပန်ဆိုင်းမြို့က လက်နက်ကြီးကျည်ထိမှန်တဲ့အမျိုးသမီး ဆေးရုံအဆင့်ဆင့်ပြောင်းနေရ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ ရပ်ကွက်( ၅) ထဲက နေအိမ်ပေါ် အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရင်ဘက်မှာ ပြင်းထန်ဒဏ်ရာ ရခဲ့တဲ့ အမျိုးသမီးကို ဆေးရုံအဆင့်ဆင့် ပြောင်းပို့နေရတယ်လို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျည်ထိမှန်ခဲ့တဲ့ အသက် ၃၀ အရွယ် မနန်ဘောက်ကို ပန်ဆိုင်းမြို့ဆေးရုံကနေ မူဆယ် ဆေးရုံကို ပို့ဆောင်ခဲ့ရသလို အောက်တိုဘာလ ၂၄ ရက် မနေ့မှာတော့ မန္တလေးဆေးရုံကြီးကို ထပ်မံပြောင်း ခဲ့ရပေမယ့် နေရာအခက်အခဲကြောင့်ဆိုပြီး ဒီနေ့မှာတော့ ပြင်ပပုဂ္ဂလိကဆေးရုံတစ်ခုကိုပါ ထပ်မံပို့ဆောင်ဖို့ စီစဉ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ရပ်ကွက် (၅) မှာရှိတဲ့ ရဲစခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြချိန်မှာ နေအိမ်ပေါ် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ကပစ်သလဲဆိုတာတော့ မသိရဘူးလို့ ဒေသခံက ဆိုပါတယ်။
ကိုးကန့်အဖွဲ့တွေဟာ ဒီလထဲမှာ ၃ ရက်ခြားတစ်ခါလောက် ပန်ဆိုင်းရဲစခန်းကို လာရောက်တိုက်ခိုက်နေ တာကြောင့် ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မုံးကိုးမြို့ ရပ်ကွက် (၆) ၊ ရွာသစ်ရွာအနီးက စစ်ကောင်စီဗျူဟာကုန်းကို ကိုးကန့်တပ်ဖွဲ့က လာရောက်တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်လုံးပေါ် လက်နက် ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂ နှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် ခြောက်ဦး ထိခိုက်ဒဏ် ရာရခဲ့ပါတယ်။
သြဂုတ်လဆန်းကတည်းကစတင်ပြီး ကိုကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီနဲ့ လားရှိုးမြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။