တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု

2018.12.07
elephant-tusk-622.jpg ဖမ်းဆီးရမိတဲ့ တရားမဝင် ဆင်စွယ်တွေ မီးရှို့မလို့ ပုံထားတာကို တွေ့ရစဉ်
Photo: Phahti(BANCA)

တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးခြင်းမှကာကွယ်ရန်နဲ့ ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ် အပိုင်းတွေ ရောင်းဝယ်ဖောက်ကားနေတာတွေကို ထိရောက်စွာ အရေးမှုတွေပြုလုပ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဒီအဆိုကို အမျိုးသားလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက အဓိကဆွေးနွေးကြသလို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးကလည်း ထောက်ခံဆွေးနွေးခဲ့ပြီး အတည်ပြု ခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်တွေ အစိတ်အပိုင်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်တွင်းမှာ ဝယ်လိုအားများနေတာကြောင့် မုဆိုးတွေ သတ်ဖြတ်မှုတွေများနေတာ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ စားကျက်မြေတွေမရှိတာနဲ့ ဥပဒေ အားနည်းချက်တွေကြောင့် မျိုးသုန်းမယ့်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးကြပါတယ်။

ဆင်အပါအဝင် အခြားတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ နိုင်ငံတော်ကနေ ဘတ်ဂျက်တွေချပေးတာ၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဥပဒေတွေရှိပြီး လိုက်နာမှုအားနည်းနေတာ၊ ဥပဒေအရ ထိန်းကျောင်းလိုတာကြောင့် မေးမြန်းလိုက်တာလို့  ဒီအဆိုကိုတင်သွင်းခဲ့တဲ့ ဒေါ်သီရီရတနာက ပြောပါတယ်။

"ကျမတို့မှာက ဥပဒေတွေရှိပေမယ့် လိုက်နာမှုအားနည်းတယ် တချို့နေရာတွေမှာ ဝန်ထမ်းတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတာတို့၊ နောက်ပြီးတော့ တချို့နေရာတွေမှာ လုပ်ချင်ပေမယ့် ဝန်ထမ်းအင်အား မလုံလောက် တာ၊ အရင်တုန်းကဆိုရင်တော့ ခိုးကြောင်ခိုးဝှက် တရားမဝင် ရောင်းဝယ်နေတဲ့ဟာက အခုကျတော့ လုံးဝ တရားဝင် ဈေးကွက်သဘောမျိုးဖြစ်လာတယ်၊ နေပြည်တော်လို နေရာမျိုးမှာတောင် အရောင်းအဝယ်တွေ ကဖြစ်နေတဲ့အခါကျတော့ ကျမတို့ရဲ့ ဥပဒေတွေကို ဖောက်ဖျက်ရာကျတယ်ပေါ့၊ နည်းနည်းအချက်ပေးလိုက်တဲ့ သဘောပေါ"

မြန်မာနိုင်ငံမှာ ဆင်အပါအဝင် ကျား၊ ခြင်္သေ့၊ ကြံ၊ ရွှေသမင်၊ လိပ်၊ စပါးကြီးမြွေ စတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်တွင်းမှာ ဝယ်လိုအားများတာတွေကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးသားတွေကို ရောင်းဝယ်ဖောက်ကားဖို့ မုဆိုးတွေ သတ်ဖြတ်တာကြောင့် မျိုးတုံးတော့မယ် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက အဓိကထားဆွေးနွေးကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့တွေအတော်တော်များများမှာ တောင်ဆိတ်၊ ဆတ်၊ ဂျီ၊ သမင် စတဲ့တောကောင်တွေကို ဟင်းလျာအဖြစ် ပေါ်ပေါ်ထင်ထင် ရောင်းချနေတာတွေလည်းရှိတယ်လို့ ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးကြပါတယ်။

အထူးသဖြစ် တောဆင်ရိုင်းတွေဟာ  သတ်ဖြတ်ခံရတာအများဆုံးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေဟာ ၁၉၉၀ လောက်က အကောင်ရေ ၅ ထောင်လောက်ရှိပြီး လက်ရှိမှာ အကောင်ရေ ၁၄၀၀ ကနေ ၂ ထောင်ဝန်းကျင်ကြားပဲရှိတော့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တောဆင်ရိုင်းတွေကို အရင်က အစွယ်ပဲလိုတာကြောင့် မုဆိုးတွေက သတ်ဖြတ်ကြပြီး အခုနောက်ပိုင်း ဆင်သရေတွေ၊ အသားတွေကစ လက်ဝတ်ရတနာလုပ် ဝတ်ဆင်တာ၊ ဆေးဖော်တာတွေပြုလုပ်ဖို့ တရုတ်နိုင်ငံက ဝယ်ယူတာကြောင့် ပိုမိုသတ်ဖြတ်ခံရပြီး တစ်ပတ်ကို တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးကြပါတယ်။

ဒါကြောင် ဆင်တွေကို သတ်ဖြတ်ရောင်းချနေတဲ့ အခြေအနေတွေဟာ အစိုးကို ထိန်းသိမ်းဖို့လိုကြောင်း မကွေး တိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက အခုလို ဆွေးနွေးခဲ့ပါတယ်။

"ဆင်အသေတောင် မဟုတ်ဘူး၊ ဆင်အရှင်တွေကိုလည်း ထိုင်းနိုင်ငံဘက်ကို သူတို့ရဲ့ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ရောင်းချနေတာကလည်း တစ်နှစ်တစ်နှစ် အကောင် ၅၀ နဲ့ ၁၀၀ ကြားရှိတယ်လို့လည်း သိရပါတယ်၊ တရုတ်နိုင်ငံဈေးကွက်မှာတော့ ဆင်ရေ၊ ဆင်စွယ်စတဲ့ ဈေးကွက်က မက်လောက်စရာကြီးလို့လည်း ဆိုပြန်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံမှာ ဆင်အကောင်ရေ ၂ထောင်ရှိပြီး ဒေသတွင်းမှာ ထိုင်းနိုင်ငံပြီးရင် ဒုတိယအများဆုံးကျန်တဲ့နိုင်ငံဆိုပေမယ့် စောစောကစာရင်းတွေအရ ၂၀၁၀ မှာ တစ်နှစ်ကို ၄ ကောင်လောက် အသတ်ခံရတာကနေ ၂၀၁၇ မှာ ၅၉ ကောင်ထိ ဝုန်းကနဲ့မြင့်လာတော့ ဒါဟာသက်ဆိုင်ရာအစိုးရကို ဆင်နဲ့တကွ သားရဲတိရစ္ဆာန်ကြီးတွေကို ထိန်းသိမ်းဖို့ အစိုးရကိုအချက်ပေး ခေါင်းလောင်းထိုးပေးတာနဲ့ တူပါတယ်"

ဆင်အပါအဝင် အခြားတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ နိုင်ငံတော်ကနေ  စားကျက်မြေတွေ ဖော်ဆောင်ပေးတာ၊ တောရိုင်းတိရစ္ဆာန်တွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချနေတဲ့ဈေးကွက်တွေကို တားမြစ်တာ၊ ဒေသခံတွေကို ပညာပေးတာ၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်တာ၊ ပြစ်ဒဏ်တွေကို တိုးမြှင့်တာတွေ ဆောင်ရွက်ဖို့ လိုကြောင်းကိုလည်း တိုက်တွန်းဆွေနွေးကြပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းဖို့အတွက် ဘတ်ဂျက်တွေ တိုးချပေးတာ၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း တိုက်တွန်းကြပါတယ်။

တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ၂၀၁၈ ခုနှစ် မတ်လမှာ အသစ်ပြန်လည်ပြဌာန်းထားကြောင်းနဲ့ တားမြစ်တိရစ္ဆာန်တွေကို သတ်ဖြတ်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ၅သောင်းပေးဆောင်ဖို့ ပြစ်ဒဏ်တွေ တိုးမြှင့်ထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။

"၂၀၁၀ ခုနှစ်နေ ၂၀၁၇ အထိ ၅၆ ယောက် အရေးယူထားသလို ၂၀၁၈ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၃၆ ယောက်ကို  ဖမ်းဆီးတရားစွဲဆိုထားနိုင်ပါတယ်"

ဒီအဆိုကို အမျိုးသားလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၁၃ယောက်က ၃ ရက်ကြာ ဆွေးနွေးပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။