တောဆင်ရိုင်းတွေ သတ်ဖြတ်မခံရဖို့ ဆင်သတ်မုဆိုးတွေကို ဖမ်းဆီးမည်


2018.08.17
elephant-life-622.jpg ကျိုက်ထီးရိုးက တိုင်းရင်းဆေးဆိုင်တခုမှာ ဆင်အမြီးနဲ့ ခြေထောက် ရောင်းနေတာကို တွေ့ရစဉ်
Photo: ROMEO GACAD / AFP

တောရိုင်းဆင်တွေ သတ်ဖြတ်ခံနေရတာကြောင့် ဆင်သတ်မုဆိုးတွေကို ဖော်ထုတ်ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ် လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တောရိုင်းဆင်တွေ သတ်ဖြတ်ခံနေရတဲ့အတွက် ဘယ်လိုစီမံဆောင်ရွက် ထားသလဲနဲ့ လူတွေအန္တရာယ်မရှိအောင် ဘယ်လိုဆောင်ရွက်ထားတယ်ဆိုပြီး မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးက မေးခဲ့ပါတယ်။

သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက ဆင်တွေအသတ်မခံရအောင် ဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

"ကျနော်တို့ သစ်တောဦးစီးဌာနဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆင်သတ်မုဆိုးများကို ဖော်ထုတ်ရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိပြီး ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်အလိုက် တောဆင်ရိုင်းသတ်ဖြတ်မှု ကာကွယ်ရေး၊ ဆင်မုဆိုးကာကွယ်ဖမ်းဆီးရေးနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးဆွေးနွေးပွဲနဲ့ ဆောင်ရွက်လျှက်ရှိပါတယ်"

ဒါ့အပြင် တောရိုင်းဆင်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အလောင်းတော် ကဿပ၊ ရွှေဥဒေါင်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအပါအဝင် ဘေးမဲ့တော ၇ ခု၊ အကျယ်အဝန်း စတုရန်းမိုင် တစ်သောင်းနီးပါးမှာ ဆင်ရိုင်းစောင့်ရှောက်ရေး နယ်မြေအဖြစ် သတ်မှတ်ထားသလို နောက်ထပ် ၃ နေရာ ထပ်မံတိုးချဲ့မယ်လို့ သိရပါတယ်။

ဆင်ရိုင်းတွေဟာ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်တာ၊ ရောဂါကြောင့် သေဆုံးတာအပြင် ဆင်မုဆိုးတွေသတ်ဖြတ်လို့ အများဆုံးသေဆုံးတယ်လို့လည်း ပြောပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ကနေ ဒီ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ ဆင်ရိုင်း ၁၂၃ ကောင် သတ်ဖြတ်ခံရတဲ့အတွက် တစ်နှစ်မှာ ဆင် ၁၅ ကောင်ဝန်းကျင် သေဆုံးနေတာဖြစ်ပြီး ဆင်နဲ့ လူပဋိပက္ခကြောင့် သေဆုံးတာတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဦးရေ အတိအကျစာရင်း မကောက်နိုင်ပေမယ့် ကမ္ဘာပေါ်မှာ အိန္ဒိယပြီးရင် အာရှဆင်အများ ဆုံးရှိပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်မှာ အများဆုံးနေထိုင်တယ်လို့ ဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

အရင်က ဆင်ကို အစွယ်အတွက်သာ သတ်ဖြတ်ခဲ့ကြပေမယ့် အခုအချိန်မှာ အသား၊ အရေ၊ အရိုး၊ နှာမောင်းတွေ ကိုပါ တရားမဝင် ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွေရှိလာတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။