ဖမ်းဆီးခံ ဆင်တွေ သောကကြောင့် အသက် ပိုမိုတိုတောင်း
2018.08.08
မြန်မာ့သစ်လုပ်ငန်းအတွက် သစ်ဆွဲဖို့ တောထဲကဖမ်းဆီးလာပြီး ခိုင်းစေခံရတဲ့ဆင်တွေဟာ ဆင်စခန်းတွေ မှာ မွေးဖွားတဲ့ဆင်တွေထက် ပျှမ်းမျှအသက် ၅ နှစ် တိုတယ်လို့ Finland နိုင်ငံ Turku တက္ကသိုလ်က သုတေသီတွေက မနေ့က ပြောကြားလိုက်ပါတယ်။
တောဆင်ရိုင်းကို ဖမ်းမိချိန်က အသက်ရနေပြီဆိုရင် အဲဒီဆင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုလို့ သေဆုံးဖွယ် ရှိတယ်လို့ဆိုပါတယ်။ ၁၉၅၁ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း သစ်လုပ်ငန်းမှာ ခိုင်းစေတဲ့ ဆင်ကောင်ရေ ၅၁၅၀ ကို လေ့လာတာပါ။ ဒီထဲက ဆင် ငါးပုံနှစ်ပုံဟာ တောဆင်ရိုင်းတွေဖြစ်ပါတယ်။
ဆင်စခန်းတွေမှာ သစ်ဆွဲရင်း မွေးဖွားတဲ့ ဆင်ထီးဆိုရင် ပျှမ်းမျှ သက်တမ်း နှစ် ၃ဝ ရှိပြီး ဆင်မဆိုရင် ၄၅ နှစ် ရှိပေမဲ့ တောထဲက အရိုင်းသက်သက်ဖမ်းဆီးလာတဲ့ ဆင်ထီးရော ဆင်မပါ စခန်းမှာမွေးတဲ့ ဆင်တွေထက် အသက် ၅ နှစ် တိုတယ်လို့ ဖော်ပြပါတယ်။
ဆင်ရိုင်းတွေဖမ်းလာချိန်မှာ ငြိမ်ဆေးကျွေးတာ ဒါမှမဟုတ် ကြိုးကွင်းစွပ်ခံရတာ၊ မိသားစုနဲ့ခွဲတာတွေဟာ ဆင်တွေ စိတ်ကိုဖိစီးစေပြီး အသက်တိုရဖွယ်ရှိတယ်လို့ သုတေသီတွေက မှန်းဆပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံ မှာ သစ်ဆွဲဆင်ကောင်ရေ ၅၀၀၀ လောက်ရှိပါတယ်။