ထိုင်းနဲ့ တရုတ်ကို တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု အများဆုံးဖြစ်
2019.03.03

မြန်မာနိုင်ငံကနေ တရုတ်နဲ့ ထိုင်းနိုင်ငံကို တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ကူးသန်းရောင်းဝယ်မှု ၆၀ ရာခိုင်နှုန်းရှိတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနကနေ သိရပါတယ်။
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ဝယ်ယူသုံးစွဲနေတဲ့သူတွေရှိတဲ့အပြင် အဲဒီကနေတဆင့် တခြားနိုင်ငံကို ရောင်းဝယ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
မြန်မာ့တောရိုင်းတိရစ္ဆာန်တွေကို အကောင်လိုက်၊ အစိတ်အပိုင်းလိုက် ရောင်းဝယ်ဖောက်ကားနေတဲ့ အဓိကလမ်းကြောင်းတွေကတော့ မူဆယ်-လားရှိုး-နမ့်ခမ်း၊ တောင်ကြီး- ကျိုင်းတုံ- မြဝတီ၊ ထားဝယ်-ထီးခီး လမ်းကြောင်းတွေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော် က ပြောပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ တောရိုင်းတိရစ္ဆာန်တရားမဝင် ရောင်းဝယ်မှုပေါင်း ၃၀ ကျော် ဖမ်းဆီးရမိတယ်လို့လည်း သိရပါတယ်။ ဒီနေ့ မတ်လ ၃ ရက်နေ့ဟာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ ( World Wildlife Day) ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှာ ဖျက်ဆီးခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။