တိုက်ပွဲကြောင့် သာပေါင်းမြို့နယ်က ရာနဲ့ချီတဲ့ ဆင်တွေနဲ့ ဝန်ထမ်းတွေကို အရေးပေါ်ပြောင်းရွှေ့
2025.03.03

ရခိုင်ရိုးမအနီး ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် မရမ်းချိုရွာ သစ်ထုတ်လုပ်ရေးစခန်းက ဆင်အကောင်ရေ တစ်ရာကျော်နဲ့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းမိသားစု သုံးရာဝန်ကျင်း ငပုတောမြို့နယ် မြစ်တရာ သစ်ထုတ်လုပ်ရေးစခန်းကို အရေးပေါ်ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။
သာပေါင်းမြို့နယ်အစပ်က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေ နီးကပ်လာလို့ ဖေဖော်ဝါရီလကုန်ကတည်းက စတင်ပြောင်းရွှေ့နေတာလို့ သာပေါင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖေဖော်ဝါရီ ၂၈ ရက်နေ့က ၆၂ ကောင်၊ မတ်လ ၁ ရက်နေ့မှာ ၃၂ ကောင်၊ ဒီနေ့ (မတ်လ ၃ ရက်) ၁၄ ကောင် ရွှေ့တယ်။ စုစုပေါင်း ၁၀၈ ကောင်ရှိတယ်။ ဒါတွေက ဘယ်ကလာတာလည်းဆိုရင် ရခိုင်ပြည်နယ် ဂွမြို့နယ် ဒေါင်းချောင်း ဆင်စခန်းကနေ မရမ်းချိုမှာ လာထိုင်တဲ့ ဆင်တွေ။ မရမ်းချိုမှာ လုံခြုံရေးအရ စစ်နဲ့နီးလာလို့ ငပုတောမြို့နယ် မြစ်တရာကြိုး၀ိုင်းထဲကို ပြောင်းတာ”
ဆင်တွေနဲ့ အတူ ဆင်ဦးစီးရှစ်ဆယ်ခန့် အပါအဝင် မိသားစုဝင် သုံးရာဝန်းကျင်လည်း ဆင်တွေနဲ့အတူ ပြောင်းရွှေ့သွားတယ်လို့ သူက ဆိုပါတယ်။
မတ်လ ၂ ရက်နေ့က သာပေါင်းမြို့နယ် သာပေါင်းလေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး သဲဖြူနဲ့ ကျားခေါင်းရွာ အနီးတစ်၀ိုက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲဖြစ်ခဲ့လို့ လက်ရှိ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည် ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် ဂွမြို့နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂွမြို့နယ် ဒေါင်းချောင်း ဆင်စခန်းက ဆင် ၄၅ ကောင်နဲ့ သစ်ထုတ်လုပ်ရေးဝန်ထမ်း ၂၅၀ ခန့် သာပေါင်းမြို့နယ် မရမ်းချိုရွာ သစ်ထုတ်လုပ်ရေးစခန်းကို ပြောင်းရွှေ့ခဲ့တာပါ။ အခုတစ်ခါ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် ငပုတောမြို့နယ်ကို ထပ်မံရွှေ့ပြောင်းရတာလို့ ဒေသခံတွေက ပြောပါတယ်။