ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောရိုင်းတိရစ္ဆာန် ဈေးကွက် တိုက်ဖျက်ရေးအရှိန်မြှင့်
2020.02.26
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ထောင်ချီရှိလာချိန် တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံ တောရိုင်းတိရစ္ဆာန် တိုက်ဖျက်ရေး စတင်ဖို့ နေပြည်တော်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။
တရုတ်- မြန်မာနယ်စပ်က တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုဈေးကွက် တိုက်ဖျက်မှု တကယ်ရော ဖြစ်နိုင်ပါ့မလား။
တရားမဝင် တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် တရုတ်ရဲ့ဦးဆောင်မှုက အရေးပါပြီး နှစ်နိုင်ငံအစိုးရက နိုင်ငံရေးရည်မှန်းချက် အပြည့်အဝနဲ့ ဆောင်ရွက်မယ်ဆိုရင် လက်တွေ့ကျနိုင်တယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ ( WCS Myanmar ) ရဲ့ ဌာနေကိုယ်စားလှယ် ဦးစောထွန်းက ပြောပါတယ်။
“ရေတိုနည်းလမ်းတွေနဲ့ ဖြေရှင်းတာမဟုတ်ဘဲနဲ့ ရေရှည်စီမံချက်တွေ အသေအချာ ချမှတ်ပြီးတော့မှ အကဲဖြတ်နိုင်တဲ့ စောင့်ကြည့်လေ့လာမှု ယန္တယားတွေနဲ့ အသေအချာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုပါတယ်။ ဆက်စပ်အစိုးရဌာနတွေက မူဝါဒနဲ့ဥပေဒမူဘောင်တွေ အားကောင်းဖို့ အစိုးရဘဏ္ဍာငွေ ခွဲဝေချထားဖို့ ခေတ်မီတဲ့နည်းပညာနဲ့ လက်နက်ကိရိယာတွေသုံးဖို့၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်ဖို့ လိုအပ်ပါတယ်“
မြန်မာနိုင်ငံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ဝယ်လိုအားများတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံအနီးမှာ တည်ရှိတဲ့အတွက် ရှားပါးတောရိုင်းတိရစ္ဆာန် အမြဲလိုလို အသတ်ခံနေရပါတယ်။ အဲဒီအထဲမှာ သင်းခွေချပ်၊ ဆင်နဲ့ ကျားတို့လည်း ပါနေပါတယ်။
တောရိုင်းတိရစ္ဆာန်ဈေးကွက်ဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုမှုပြီးရင် တတိယအကြီးဆုံး ကုန်သွယ်မှုဖြစ်ပါတယ်။ တစ်နှစ်မှာ ဒေါ်လာ ဘီလီယံချီဝင်တဲ့ ဈေးကွက်တစ်ခုပါ။
တောရိုင်းတိရစ္ဆာန် ဈေးကွက်တိုက်ဖျက်ရေးကို အစိုးရက ဆောင်ရွက်နေပေမယ့် ထိရောက်မှုက နည်းပါတယ်။ ဒါတွေကိုထိရောက်စွာ ကိုင်တွယ်ဖို့အတွက် ဥပဒေပိုင်းဆိုင်ရာတွေ အားကောင်းဖို့ လိုတယ်လို့ We can Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ စံပယ်မင်းက ပြောပါတယ်။
“တောရိုင်းတိရစ္ဆာန် ဥပေဒကို ဌာနဆိုင်ရင်တွေနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး ဥပဒေကိုပြန်ပြီး ပြင်လာတာ ၂၀၁၈ မေလမှာ ဥပဒေအသစ်ပြန်ထွက်တယ်။ အဲဒီမှာလည်း ပြစ်ဒဏ်တွေကလည်း ပြန်မြင့်တက်လာတယ် ဆိုတော့ ဥပဒေအမြင်နဲ့ကြည့်မယ်ဆိုရင် ကောင်းလာတဲ့အနေအထားပဲ။ ဒီနောက်ပိုင်းမှာ ဒီဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ထိရောက်တဲ့ကာကွယ်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်“
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနဲ့ “ ၀ “ ဒေသတွေဟာ တရုတ် ဖောက်သည်တွေနဲ့ စည်ကားနေတဲ့ ဈေးကွက်တစ်ခုပါ။ ဒီဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်ပြီး အစိုးရရဲ့ အာဏာသက်ရောက်မှုက အကန့်အသတ်ရှိပါတယ်။ တရုတ်- မြန်မာနှစ်နိုင်ငံ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ၀ ဒေသမှာ တင်းကျပ်လာမယ်ဆိုရင် “ ၀ “ တိုင်းရင်းသားတွေရဲ့ ရှေးရိုးဓလေ့အရ နေထိုင်စား သောက်မှုတွေကို ထိခိုက်လာနိုင်တယ်လို့ “ ၀ “ တပ်ဖွဲ့ လားရှိုးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
ဒါကြောင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ထိန်းချုပ်သွားမှာကို အားပေးထောက်ခံပေမယ့် ဒေသတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဗဟိုဌာနချုပ်နဲ့ ပူးပေါင်းဆွေးနွေးကြတာ ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။
“ပုဂ္ဂိုလ်ရေးအမြင်အရ ပြောမယ်ဆိုရင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေ ပရမ်းပတာ ဖြစ်နေတယ်ဆိုတာ အားမပေးပါဘူး။ ထိန်းချုပ်ဖို့သင့်ပါတယ်။ ပူပေါင်းဆွေးနွေးကြတာ ပိုကောင်းပါမယ်။ ဘာလို့လဲဆိုတော့ လူမျိုးနွယ်စုတွေက တောလိုက်တဲ့ဓလေ့တွေရှိတဲ့အတွက် သူတို့ရဲ့ နေထိုင်စားသောက် မှုအတွက် ထိခိုက်လာနိုင်ခြေရှိတယ်ဆိုတော့ ဗဟိုဌာနချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ကြတာ ကောင်းပါတယ်။ “ ၀ “ ပြည်နယ်မှာလည်း တောရိုင်းတိရစ္ဆာန်တွေ မလိုက်ရ၊ မသတ်ရ၊ မပစ်ရဆိုတဲ့ ကန့်သတ်နယ်မြေတွေ လည်း သတ်မှတ်ထားတာလည်း ရှိပါတယ်“
တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတွေရဲ့ ပြဿနာအရင်းခံက ရှားပါးတိရစ္ဆာန်တွေဟာ ဆေးဘက်ဝင် တယ်လို့ ယုံကြည်တာတွေ၊ တိုင်းရင်းသားတွေရဲ့ လူနေမှုအခြေအနေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ဖြစ်တယ်လို့ သားငှက်ထိန်းသိမ်းရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတကာအရေးအပေါ် အခြေအနေအဖြစ် သတ်မှတ် ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာလို့ ယူဆကြတဲ့ ဟူပေဒေသက ဝူဟန်တောရိုင်းတိရိစ္ဆာန် ဈေးကွက်ကို တရုတ်အာဏာပိုင်တွေက ပိတ်ထားပါတယ်။ မြို့နယ်တစ်ခုလုံးကိုလည်း တခြားမြို့နယ်တွေနဲ့ အဆက်ဖြတ်ထားပါတယ်။
ဒီဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေတဆင့် ကူးစက်တာကြောင့်၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့အတူ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကိုလည်း ထိရောက်အောင် တားမြစ်နိုင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။