ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရ

2024.07.01
ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် ခလရ -၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သမင်အင်းကုန်းရွာခံ အသက် ၄၆ နှစ်အရွယ် ဦးချစ်ကို၊ အသက် ၇၂ နှစ်အရွယ် ဦးမျိုးမြင့်နဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာလည်း ခလရ-၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် သမင်အင်းကုန်းရွာထဲကို ထပ်မံကျရောက်ပေါက်ကွဲလို့ အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုအပြင် ရွာကနေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ် သဲကုန်းရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်မိုးမိုးကို စစ်ကောင်စီတပ် ခမရ (၆၀) က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဇွန်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ (KNU) ဗဟိုက ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။