ပဲခူးတိုင်းမှာ စစ်မှုထမ်း လူသစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရ

RFA Burmese
2025.02.26
ပဲခူးတိုင်းမှာ စစ်မှုထမ်း လူသစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦးအား ပစ်ခတ်ခဲ့ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများအား တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့နယ်မှာ စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးပြီး လူသစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်ရေးမှူး ဦးကံမြင့်နဲ့ သူ့ဇနီးကို သာယာဝတီခရိုင်တပ်ရင်း အမှတ် (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦးကိုလည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လက်ပံတန်းမြို့ဘက်ကို ဆိုင်ကယ်စီးလာချိန် လွှစင်ကုန်း တာဆုံအရောက်မှာ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂) နဲ့ တပ်ခွဲ (၃) က ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသန်းဦး ပစ်ခတ်ခံရပြီးနောက် သူနဲ့အတူ လိုက်ပါလာတဲ့ ရာအိမ်မှူးနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားပြီး လက်ပစ်ဗုံး နှစ်လုံး၊ ငွေကျပ်တစ်သိန်းနဲ့ စစ်မှုထမ်းဆောင်ရမဲ့ အမည်စာရင်းပါ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာမှာ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်မှု လုပ်နေသူတွေဖြစ်တယ်လို့ အမည်မဖော်လိုသူ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို စစ်မှုထမ်း ဖိအားပေး လူစုတာ၊ စစ်မှုထမ်းကြေးငွေ အတင်းအကျပ် ကောက်ခံတာတွေ လုပ်ဆောင်နေတာဗျ။ ငွေမပေးသူတွေကိုလည်း စစ်တပ်ခေါ် ဖမ်းခိုင်းတယ်။ စစ်တပ်ကပေးထားတဲ့ လက်နက်တွေနဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေ အမျိုးမျိုး လုပ်နေတာပါ"

အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်ထောက်ခံတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်မှာဖြစ်ပြီး ဒေသခံတွေ သတိထားသွားလာကြဖို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွေးကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းအရ စစ်မှုထမ်း ဥပဒေအတည်ပြုပြီးတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ စစ်မှုထမ်းဖို့ လူစုဆောင်းတာ၊ စာရင်းကောက်တာနဲ့ ငွေကြေးတောင်းခံတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၈ ဦး အသတ်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။