ထိုင်းနိုင်ငံက နေရပ်ပြန်ပို့ချိန် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူနှစ်ဦး PDF ထံ ထွက်ပြေးခိုလှုံ
2025.03.11

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့ချိန် စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးသွားသူ အမျိုးသားနှစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ လာရောက်ခိုလှုံလာတယ်လို့ ဒီဖြစ်ရပ်ကိုသိရှိတဲ့ ဒေသခံတွေက မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေဟာ အသက် ၃၀ အရွယ် ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းတို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ အချုပ်ကျခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် ကော့သောင်းမြို့ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည် ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
သူတို့ကို စစ်ကောင်စီတပ်က ကော့သောင်းအခြေစိုက် ခလရ (၄၃၁) တပ်ရင်းမှာ ထားရှိပြီးနောက် မြိတ်မြို့နယ်၊ ရွှေဒူးရွာမှာရှိတဲ့ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေး သင်တန်းကျောင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပို့ဆောင်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် အဲဒီသင်တန်းကျောင်းကနေ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ ၁၆ ဦး ထွက်ပြေးလာပြီးနောက် နှစ်ဦးက မတ်လ ၆ ရက်နေ့မှာ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
ပြည်ပကနေ စစ်ကောင်စီထံ ပြန်ပို့သူတွေထဲက စစ်မှုထမ်းဖို့ အသက်အရွယ်အကျုံးဝင်တဲ့ လူငယ်တချို့ကို စစ်မှုထမ်းဖို့ စစ်ဆောင်းခံရတဲ့ဖြစ်ရပ်တွေ မကြာခဏရှိနေတယ်လို့ မြိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်ပြေးကြတဲ့အထဲမှာ ထွက်ပြေးတဲ့သူက ၁၆ ဦး၊ လေးဦးက စကစက ပြန်ဖမ်းမိတယ်။ ကျန် ဆယ်ဦးကတော့ သူတို့ဘာသာ အဆင်ပြေတဲ့နေရာကို သွားတယ်။ မြိတ် ပကဖ ကို ဆက်သွယ်လာတာ နှစ်ဦးပေါ့။ အဓိကကတော့ ထိုင်းဘက်မှာ တရားမဝင်နေထိုင်မှုနဲ့ ရနောင်းအချုပ်ထောင်မှာ ရှစ်လလောက်နေခဲ့ရပြီး ဒီဘက်ကို ပြန်အပို့ခံရတာ။ ထိုင်းဘက်က ပြန်ပို့တဲ့သူတွေကို စကစက စိတ်ကြိုက် စစ်သားစုဆောင်းနေတာဗျ"
ဒီအခြေအနေတွေနဲ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်လည်အပ်နှံတာမျိုးမလုပ်ဘဲ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ပထမနှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိပါတယ်။