စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၁၁) သင်တန်းစတင်

RFA Burmese
2025.03.18
စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၁၁) သင်တန်းစတင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၁) တက်ရောက်နေကြသူများအား ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဥ်။
Telegram/ Pyi Thu Sitt

နိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်ရဲ့ သင်တန်းကျောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်း အမှတ်စဉ် (၁၁) ကို မတ်လ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် တစ်နှစ်ကျော်အတွင်း စစ်သင်တန်း ၁၁ ကြိမ်အထိ ခေါ်ယူလိုက်တာပါ။

စစ်သင်တန်းတွေမှာ အရေအတွက်ဘယ်လောက် ခေါ်ယူပြီးပြီ ဆိုတာကိုတော့ စစ်ကောင်စီက မထုတ်ပြန်ပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သင်တန်း အမှတ်စဉ် တစ်ခုကို လူငါးထောင်ခေါ်မယ်လို့ ပြောထားပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ စစ်မှုထမ်းအမှတ်စဉ် (၁၁) အတွက် ဧရာတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်က လူငယ် ခုနစ်ဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရပြီး မတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းက စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓမ္မစုစောင်းခံရတယ်ဆိုတာ ရွာတွေမှာက ကလေးတွေက အိမ်မှာ မအိပ်ရဲဘူး။ အဲဒါကို တွေ့တဲ့သူကို ဂုတ်ဆွဲတာပေါ့။ ရှင်းရှင်းပြောရရင်တော့ ပေါ်တာဆွဲပြီးတော့ စစ်သားစုဆောင်းရေး လုပ်တာပါပဲ။ ခုနစ်ဆယ်လောက်ပါသွားတယ်လို့ သိရတယ်”

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း အခုမတ်လအတွင်း စစ်ကောင်စီတပ်က လူငယ်လေးဆယ်ခန့်ကို ဖမ်းဆီးပြီး အများစုကို ကလေးမြို့အခြေစိုက် အမှတ် (၁၀) တပ်မတော် တန်းမြင့်သင်တန်းကျောင်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအတွက် အတင်းအကျပ် စုဆောင်းတာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်က လျော့နည်းလာတဲ့ အင်အားတွေကို ဖြည့်တင်းဖို့အတွက် အဓမ္မ စစ်သားစုဆောင်းနေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၄ ရက်နေ့မှာ တောင်းဆိုပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။