လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်

RFA Burmese
2025.03.13
လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့မြင်ရသည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အဝင်မြင်ကွင်း။
(Photo: Launglone Township-BESU Strike Committee

တနင်္သာရီတိုင်း လောင်းလုံးမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ လက်ခတ်တောင်တာဝါတိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မတ်လ ၁၄ ရက်နေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရေကြောင်းကနေပါ ပစ်ခတ်တာလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဝင်တိုက်တာတော့ ကျွန်တော်တို့မဟုတ်ဘူး၊ အဖွဲ့တစ်ခုကနေ လာပြီးတိုက်တာ။ နှစ်ဖက်တိုက်ပွဲဖြစ်တာပေါ့နော်။ မနက်စောစောပိုင်းကတည်းက ဖြစ်တာ၊ ဆယ်နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ကျွန်တော်တို့အသံကြားတာတော့ ခြောက်လုံးလောက်ရှိတယ်။ စက်သေနတ်နဲ့လည်း အပေါ်ကနေ ပစ်သွားတာ ရှိတယ်။ မနက်ကတည်းက ပင်လယ်ထဲကနေပြီးတော့ စစ်သင်္ဘောနဲ့ လက်နက်ကြီးတွေပစ်နေတာတော့ အလုံးပေါင်းမနည်းတော့ဘူး။ နှစ်ဖက်တိုက်ပွဲမှာ ထူးခြားတာက လေယာဉ်နဲ့ ဗုံးနှစ်ခါ လာကြဲသွားတယ်"

လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ပြောပါတယ်။ ဒီလက်ခတ်တောင်တာဝါတိုင်စခန်းမှာ စစ်ကောင်စီတပ်သား သုံးဆယ်ဝန်းကျင် အထိုင်ချတဲ့စခန်းလို့လည်း ဆိုပါတယ်။

အလားတူ မတ်လ ၁၃ ရက်နေ့မှာပဲ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာက ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စခန်းအတွင်းကလည်း ပြန်လည်ပစ်ခတ်သလို ပင်လယ်ပြင်မှာရှိတဲ့ ရေတပ်ကလည်း ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မောင်းမကန်ကျေးရွာက သားအမိနှစ်ဦးနဲ့ အရပ်သားတစ်ဦး စုစုပေါင်း သုံးဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် စရဖရုံးတွေကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဆယ်ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။