ရေကြည်မှာ အရပ်သား နှစ်ဦး PDF နဲ့ ဆက်စပ်ဖမ်းဆီးပြီးနောက် အသတ်ခံရ

RFA Burmese
2025.02.27
ရေကြည်မှာ အရပ်သား နှစ်ဦး PDF နဲ့ ဆက်စပ်ဖမ်းဆီးပြီးနောက် အသတ်ခံရ ဧရာဝတီတိုင်း ရေကြည်မြို့အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
ရေကြည်သားများဆုံဆည်းရာ ဓာတ်ပုံ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အရပ်သား နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် အသတ်ခံလိုက်ရတယ်လို့ ရေကြည် ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြောပါတယ်။

ရေကြည်မြို့နယ် ကုန်းပြင်ရွာက အသက် ၃၀ အရွယ် ကိုချင်းလေးဆိုသူဟာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ် တယ်ဆိုပြီး ၂၀၂၄ ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် ဖေဖော်ဝါရီလ တတိယအပတ်က စစ်ကြောရေးစခန်းမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။

အလားတူ မိဿလင်ရွာမှာနေထိုင်တဲ့ အသက် ငါးဆယ်အရွယ် ဦးဆန်းဝင်းဆိုသူဟာလည်း ဖေဖော်ဝါရီလ တတိယအပတ်က ဖမ်းဆီးခံရပြီးနောက် မကြာခင် အသတ်ခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ သူ့ရဲ့ ဒေသခံ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုချင်းလေး အဖမ်းခံရပြီးနောက် စစ်ဆေးချက်အရဆိုပြီး ဦးဆန်းဝင်းကို ထပ်ဖမ်းတာ။ ကုန်းပြင်ရဲစခန်းမှာ စစ်ဆေးသေးတယ်။ ပြီးတော့မှ ရိုးမထဲခေါ်ပြီးသတ်လိုက်တာ”

ရေကြည်မြို့နယ်၊ ငသိုင်းချောင်း - ဂွလမ်းတစ်လျှောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရှိန်မြင့်လာပြီးနောက် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ပြီး သတ်ဖြတ်မှုတွေပါ ကျူးလွန်လာတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရေကြည်မြို့နယ်မှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ နေရပ်စွန့်လာတဲ့ စစ်ဘေးဒုက္ခသည် ဆယ်ဦးထက်မနည်းကို အာရက္ခတပ်တော် (AA) ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။