မိုးဗြဲမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီလေကြောင်း ဗုံးခြောက်ကြိမ်ကြဲချ

RFA Burmese
2025.02.27
မိုးဗြဲမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီလေကြောင်း ဗုံးခြောက်ကြိမ်ကြဲချ ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မိုးဗြဲမြို့တစ်နေရာတွင် တွေ့ရစဉ်။
Photo: Reuters

[Update: 1:30 AM, Feb 28, 2025]

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း - ကယား (ကရင်နီ)နယ်စပ် မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်ညမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့  ဗုံးခြောက်ကြိမ် လာရောက်ကြဲချသွားခဲ့တယ်လို့ တိုက်ပွဲအတွင်းရောက်ရှိနေတဲ့ မိုးဗြဲ PDF Rescue Team အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ လူအင်အားဖြည့်တင်းနိုင်ရေးအတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော် ကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“လေယာဉ်ဗုံးကြဲတာကတော့ ခြောက်ကြိမ်လောက်ရှိပါတယ်။ မိုးဗြဲအခြေအနေကတော့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်ပါတယ်ဗျ။ ဘယ်အချိန်မှာ လာကြဲသွားလဲဆိုတာ တိတိကျကျတော့ မပြောနိုင်ဘူး။ ကျွန်တော်တို့က ကယ်ဆယ်ရေးရဲဘော်တွေမို့လို့ ကယ်ဆယ်နေရတဲ့အတွက်ကြောင့် အချိန်အတိအကျ မပြောနိုင်ဘူး"

ဖေဖော်ဝါရီလ ၂၇ ရက် ည ရှစ်နာရီခွဲကျော်မှာ  စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသုံးကြိမ် လာရောက်ကြဲချသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ 

 “အခု ကျွန်တော်တို့က မြေပြင်မှာ ရောက်နေတာ။ အခု မိုးဗြဲကို ဖိနေတာ။ အခုလေးတင် ရောက်တုန်း သုံးကြိမ် လာကြဲသွားပြီ” လို့ သူက ပြောပါတယ်။

အခုလို စစ်ကောင်စီက ဗုံးလာကြဲတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ အဆက်အသွယ်မရသေးပါဘူး။  

တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့အတွင်းမှာ ဖေဖော်ဝါရီ ၂၄ ရက် ကနေ ၂၈ ရက်နေ့အထိ ငါးရက် သွားလာခွင့်ပိတ်ထားမယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဖေ‌ဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ  ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ စတင်တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။


(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဆက်သွယ်ထားသည့်အကြောင်း ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။