ညောင်ကျိုးက ကာကင်းစခန်းအများစုကို ထိန်းချုပ်ထားနိုင်ကြောင်း AA ပြော
2025.03.16

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းအများစုကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၁၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
လတ်တလောမှာလည်း ပန်းတောင်းမြို့နယ်အတွင်းက ပုဂံကွဲရွာနဲ့ ညောင်ကျိုးကျေးရွာတွေအနီးမှာ တိုက်ပွဲဆက်ပြင်းထန်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြင်းထန်လာတာကြောင့် အခြေအနေအသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။
"ညောင်ကျိုးကျေးရွာအနီးက ကာကင်းစခန်းတွေကို ကျွန်တော်တို့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပါပြီ။ ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ဟိုတစ်စု၊ ဒီတစ်စု ဆုတ်ခွာနေကြပါတယ်။ အခြေအနေက ရှုပ်ထွေးနေပြီးတော့ တိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်"
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်တဲ့ ကာကင်းစခန်း အရေအတွက်ကိုတော့ အတိအကျ မပြောသွားပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတ်ရဲ့ ညောင်ကျိုးကျေးရွာ တပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား လေးဆယ်နီးပါးကို ဖမ်းဆီးရမိထားတယ်လို့ RFA ရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆယ်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
AA က ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ ပန်းတောင်းမြို့နယ်ဟာ စစ်ကောင်စီတပ်တွက် လက်နက်အစိတ်ပိုင်းတွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ တချို့လည်း ရှိတာကြောင့် စစ်ရေးအတွက် အရေးပါတယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။