ကျောက်ဖြူမြို့နယ် စစ်ကောင်စီတပ် ကာကင်းစခန်းတချို့ AA သိမ်းပိုက်
2025.03.06

တရုတ်စီမံကိန်းတွေရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓည၀တီရေတပ်ဌာနချုပ်ရဲ့ ကာကင်းစခန်းတချို့ကို မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စေမော်ရွာနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကြား တောင်တန်းတွေပေါ်မှာတည်ရှိတဲ့ စခန်းသုံးခုထက်မနည်းကို သိမ်းပိုက်ခဲ့တာလို့ AA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီကာကင်းစခန်းတွေကို သိမ်းတာက ၄ ရက်နေ့က သိမ်းတာပေါ့။ စေမော်ရွာနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကြားက တောင်တန်းတွေမှာရှိတာ။ အခုတော့ အဲဒီ စစ်ကောင်စီတပ်သားတွေ ရေတပ်ဌာနချုပ်ရှေ့ကို တပ်ဆုပ်သွားပြီ"
ကာကင်းစခန်းတွေ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Y-12 အမျိုးအစားလေယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။
မတ်လ ၆ ရက်နေ့မှာလည်း ကျောက်ဖြူမြို့နယ်ထဲမှာရှိနေတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA သိမ်းပိုက်လိုက်တဲ့ ကာကင်းစခန်းတွေဟာ အရင်က အင်အားအနည်းငယ်သာရှိပေမဲ့ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်သား ရာနဲ့ချီ အင်အားတိုးချထားတဲ့ စခန်းတွေလို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကျောက်ဖြူမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။