ပေါင်းတည်မှာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်လေးဆယ်ကျော် မီးရှို့ခံရ
2025.02.13

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၄၁ လုံးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အင်အား ငါးဆယ်ခန့်နဲ့ တပ်စွဲထားတဲ့ အင်းမရွာအခြေစိုက် တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ငါးရာခန့်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခိုအောင်းတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ရွာတောင်ပိုင်းက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၃၆၀၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
"ရွာတောင်ဘက်ပိုင်းက စမီးရှို့တာ၊ PDF တွေ ခိုအောင်းနိုင်တယ်၊ တိုက်ခိုက်လာနိုင်တယ် ယူဆပြီး မီးရှို့တာဗျ။ အိမ်ခြေ ၄၁ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပါသွားတယ်ဗျ။ အဲဒီရွာမှာက ဘယ်ပြည်သူမှ မနေရဲဘူး၊ လွတ်ရာကို တိမ်းရှောင်နေရတာပါ"
အဲဒီရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် ဒေသခံ သုံးထောင်ခန့်ဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကတည်းက နေရပ်စွန့်ခွာသွားကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကလည်း ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ငါးဆယ်ခန့် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း ပေါင်းတည်မြို့နယ်ထဲက သစ်ပုတ်၊ နတ်ရေတွင်း၊ တောင်ခမောက်၊ လဲပင် စတဲ့ ရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၀၇,၀၀၀ နီးပါး (၁၀၆,၉၅၀ လုံး) ရှိနေတယ်လို့ ဖော်ပြထားပါတယ်။