ပေါက်ခေါင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရပြီး လူငါးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2025.02.20
ပေါက်ခေါင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရပြီး လူငါးထောင်ခန့် ထွက်ပြေးနေရ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့အဝင်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်-ပေါက်ခေါင်း ကားလမ်းမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနဲ့ အနီးတစ်၀ိုက် ရွာခြောက်ရွာခန့်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် လူငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ကန်ကလေး၊ အိုင်ဇောက်၊ ကြို့ပင်၊ သစ်ရောင်းပြန်၊ ငှက်တော်ဦးနဲ့ နတ္တလင်းရွာတွေက ဒေသခံတွေဟာ ပေါင်းတလည်မြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တချို့ကလည်း ညကတည်းက ရှောင်ကြတယ်။ တချို့လည်း ဒီမနက်မှ စရှောင်ကြတာပေါ့။ ပေါက်ခေါင်းဘက်ကလည်း မပြေးရဲတော့ ပေါင်းတလည်ဘက်လာကြတာများတယ်။ မြို့ပေါ်နဲ့ ရွာတွေဘက်ပေါ့"

ပေါင်းတလည် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင်တွေကလည်း စစ်ဘေးတိမ်းရှောင်လာသူတွေကို ရွာခံအိမ်ရှင်တွေက လက်မခံဖို့ ဖိအားပေးနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကြောင်းထိုးနေတာတွေရှိသလို မနေ့က ညပိုင်းမှာ စက်တပ်လေထီး သုံးစင်းနဲ့ ရွာတွေပေါ် ဗုံးကြဲချတာကြောင့် အိုင်ဇောက်ရွာက အသက် ၅၀ ကျော်အရွယ် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သားဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားနဲ့ ၁၀ နှစ်အရွယ် ကလေးတစ်ဦး ခြေပြတ်၊ လက်ပြတ်ဖြစ်တဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပေါင်းခေါင်းမြို့က တိုက်ပွဲဖြစ်ရာနေရာတစ်၀ိုက်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ပေါက်ခေါင်းမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်လိုက်ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ပေါင်းခေါင်းမြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ လတ်တလော အသေးစိတ် မသိရသေးကြောင်း ပြောဆိုပါတယ်။

ပြည်-ပေါက်ခေါင်းကားလမ်းမှာ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး ကားတစ်စီး မီးလောင်သွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၃၆၀၁) - PPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။