စစ်ကောင်စီကို အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့နေ
2023.03.01
အိန္ဒိယစစ်လက်နက်ကုမ္ပဏီတစ်ခုက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မြန်မာ စစ်ကောင်စီကို အမြောက်ပြောင်းတွေ တင်ပို့ခဲ့ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က Yantra India စစ်လက်နက်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်း ၁၂၂ မီလီမီတာအမြောက် ပြုလုပ်နိုင်တဲ့ ပြောင်းအလက် ၂၀ ကို စစ်ကောင်စီထံ တင်ပို့ခဲ့တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီကုမ္ပဏီဟာ အမြောက်ပြောင်းတွေအပြင် သံချပ်ကာ ကားနဲ့ လက်နက်ကြီးတွေမှာအသုံးပြုနိုင်တဲ့ အဆင့်မြင့် သံမဏိအစိတ်အပိုင်းတွေ ထုတ်လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီ အမြောက်ပြောင်းတွေကို ဟောင်ဝစ်ဇာ အမြောက်တွေမှာ အများဆုံး အသုံးပြုဖွယ်ရှိပြီး မြန်မာနိုင်ငံတွင်း မှာ OCDI ခေါ် ကာကွယ်ရေးပစ္စည်းဦးစီးချုပ်ရုံးက ထုတ်လုပ်တာပါ။ အဲဒီရုံးဟာ စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ အမေရိကန်၊ ဗြိတိန်၊ အီးယူ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေက ပိတ်ဆို့အရေးယူထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ထုတ်လုပ်ရေး စတင်ခဲ့ရာ ပထမဆုံးအတွေ့အကြုံဟာ ကာကွယ်ရေးဆိုင်ရာဌာနများ ဦးစီးချုပ်ရုံး OCDI က အကြီးစားသေနတ်ပြောင်းတွေကို နေရာအမျိုးမျိုးကနေ ဝယ်ယူခဲ့တာပါ။ ဟောင်ဝစ်ဇာ အမြောက်တွေဟာ နှိုင်းယှဉ်ချက်အရ တာတိုပစ်လက်နက်ဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်ပါတယ်။
အဲဒီ အမြောက်ပြောင်းတွေကို မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဆီ ပေးပို့ခဲ့တာဖြစ်ပြီး ဦးကျော်ကျော်ထွန်းက မြန်မာစစ်တပ်အတွက် ဖောက်ခွဲရေးတွေမှာ အသုံးပြုနိုင်ဖို့ ခဲယမ်း မီးကျောက်တွေ၊ စနက်တံတွေကို အိန္ဒိယကုမ္ပဏီ Samdeep Metalcraft ဆီကနေ တင်ပို့ခဲ့ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဦးကျော်ကျော်ထွန်း အပါအဝင် သက်ဆိုင်သူတွေ အရေးယူမခံရသေးပါဘူး။
Yantra India Limited ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ဦးစီးဌာနလက်အောက်က တရားဝင်အများပိုင် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကနေ ဘာရတ် အီလက်ထရောနစ် လီမိတက် အဝေးထိန်း စစ်လက်နက်စခန်းတစ်ခု တင်ပို့တာအပါအဝင်၊ တခြား အိန္ဒိယကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို စစ်လက်နက်တွေနဲ့ လက်နက်ပစ္စည်း အစိတ်အပိုင်းတွေ အမြောက်အမြား တင်ပို့ခဲ့တာပါ။ အခုအခါ Yantra ရဲ့ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့လာတာကို တွေ့ရှိရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်၊ ကျေးရွာတွေကို အမြောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ အရပ်ဘက် စစ်ဘက်မခွဲခြားဘဲ လေကြောင်းကနေ တိုက်ခိုက်၊ ပြည်သူ သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ ၁.၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီလို စစ်တပ်က ကျူးလွန်နေစဉ်မှာပဲ အခုနောက်ဆုံးအသုတ် စစ်လက်နက်တွေကို အိန္ဒိယက တင်ပို့ခဲ့တာပါ။
မကြာသေးခင်ကပဲ ကချင်ပြည်နယ်အတွင်း လူဦးရေထူထပ်တဲ့ ဖားကန့်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေအတွင်း စစ်တပ်က အရပ်ဘက်ပြည်သူတွေကို ပေါက်ကွဲမှု ပြင်းထန်တဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းရှိနေပါတယ်။
ဒေါ်လာသုံးသိန်းသုံးသောင်းကျော် တန်ဖိုးရှိတဲ့ ဒီအမြောက်ပြောင်းတွေကို လက်ခံယူခဲ့တာဟာ ရန်ကုန်အခြေစိုက် Innovative Industrial Technologies ကုမ္ပဏီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေတာစင်တာတစ်ခုမှာ လုံခြုံရေးဆိုင်ရာပစ္စည်းတွေ တပ်ဆင်ရေးအတွက် စစ်ကောင်စီကခေါ်တဲ့ တင်ဒါ ရရှိထားတယ်လို့လည်း AFP က ဖော်ပြပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပထမဆုံးအကြိမ်ဆုံးဖြတ်ချက် ချမှတ်စဉ်ကလည်း ရုရှား၊ တရုတ်တို့နဲ့အတူ မဲမပေးဘဲနေခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီနဲ့အနီးကပ်ဆက်ဆံရေး ပြုလုပ်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishanka က နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ ကိုဗစ်ရောဂါနဲ့ မြန်မာနယ်စပ်က အိန္ဒိယသူပုန်အရေးကိစ္စတွေ ရှိနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမပျက်အောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက ခုလိုသုံးသပ်ပါတယ်။
“၁၉၉၀ နောက်ပိုင်းက စပြီးတော့ အိန္ဒိယက မြန်မာ ဗဟိုအစိုးရနဲ့ နယ်စပ်မှာရှိတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့နယ်စပ်လုံခြုံရေးဆိုပြီး အကြောင်းပြပြီးတော့မှ ပူးပေါင်းနှိမ်နင်းရေးဆိုတဲ့ ပေါ်လစီက အသက်ရှင်နေသေးတယ်ပေါ့။ ကျွန်တော်တို့ ဌာနချုပ်ကို လေယာဉ်နဲ့အဲဒီလိုမျိုး သူတို့နိုင်ငံမှာ လေယာဉ်နဲ့ ဗုံးချတာတွေကို ငြိမ်နေတယ်ပေါ့။ ဒေသအတွင်းမှာ ဘယ်လောက်ပဲ လုပ်လုပ် သူကတော့ ပေါ်တင်ကြီးကို လုပ်နေတာဖြစ်တယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်”
အမြောက်ပြောင်းတွေ တင်ပို့တဲ့ Yantra India Limited ဟာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့အပြင် အိန္ဒိယလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း၊ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့အချက်က နိုင်ငံတကာဥပဒေတွေ နဲ့ စံနှုန်းတွေအပေါ် အိန္ဒိယက ဆိုးဆိုးရွားရွား လျစ်လျူရှုနေတာကို ပြသနေကြောင်း Justice for Myanmar အဖွဲ့က ဖော်ပြပါတယ်။
အိန္ဒိယအနေနဲ့ မြန်မာ့ဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ မြန်မာစစ်တပ်အပေါ် စစ်လက်နက်ပိတ်ပင်ရေး ဥပဒေတစ်ရပ် ချက်ချင်းပြဋ္ဌာန်းဖို့၊ လေ့ကျင့်ရေးသင်တန်းတွေ တခြားစစ်လက်နက် အကူအညီတွေ ချက်ချင်းရပ်တန့်ဖို့ လည်း Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က - အိန္ဒိယနိုင်ငံအနေနဲ့ အမြောက်ပြောင်းတွေ တင်ပို့ခွင့် ပြုထားတဲ့အတွက် မြန်မာအရပ်ဘက်ပြည်သူတွေအပေါ် စစ်အုပ်စုရဲ့အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေကို တိုက်ရိုက် ပံ့ပိုးကူညီနေကြောင်း အဲဒီအမြောက်ပြောင်းတွေနဲ့ စစ်အုပ်စုက နိုင်ငံတကာ ဥပဒေချိုးဖေါက်မှုတွေ ကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေမှာ ဖြစ်ကြောင်း၊ မြန်မာ့အိမ်နီးချင်း အိန္ဒိယအနေနဲ့တရားမဝင်မြန်မာစစ်အုပ်စုနဲ့အတူ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုကြောင်းလည်း Justice for Myanmar အဖွဲ့က ဖော်ပြပါတယ်။
အခုလို စစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံရေး ပြုလုပ်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီး S. Jaishanka က နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ ကိုဗစ်ရောဂါနဲ့ မြန်မာနယ်စပ်က အိန္ဒိယသူပုန် အရေးကိစ္စတွေ ရှိနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမပျက်အောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။