နမ့်ဖတ်ကာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး

RFA Burmese
2023.10.31
နမ့်ဖတ်ကာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး လက်နက်ကြီး ထိမှန်သေဆုံးသူများ၏ နာရေးအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ပို့ဆောင်နေစဉ်။
မေတ္တာရှင် လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာထဲကို အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ နမ့်ဖတ်ကာ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသွားသူတွေက အသက် ၂၆ နှစ်အရွယ် ကိုဖိုးသား၊ အသက် ၁၈ နှစ်အရွယ် မောင်ဇွဲညီညီအောင်နဲ့ အသက် ၁၉ နှစ်အရွယ် မအိသက်မွန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးက နမ့်ဖတ်ကာရွာက လူသွားလူလာများတဲ့နေရာကို ကျရောက်ပေါက်ကွဲ တာကြောင့် လူသေဆုံးမှု များခဲ့တာလို့ နမ့်ဖတ်ကာရွာခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်း ဝုန်းဆို အသံကြားပြီးတော့ လမ်းပေါ်မှာ ကျလာတာပေါ့။ နမ့်ဖတ်ကာ ထမင်းဆိုင်တွေ ရှိတဲ့ လမ်းမကြီးပေါ်မှာ ကျလာတာ။ အလုပ်ပြန်တဲ့အချိန်ဖြစ်နေတော့ လမ်းမှာသွားနေတဲ့လူတွေ ထိကုန်တာ။ တစ်ယောက် အဲမှာပဲ သေသွားတာ။ နှစ်ယောက်က နမ့်ဖတ်ကာ ဆေးရုံရောက်မှ သေသွားတာ၊ သုံးယောက်ပေါ့”

လက်နက်ကြီးပစ်ခတ်ချိန်မှာ နမ့်ဖတ်ကာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အတွက် ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ သူက ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က နမ့်ဖတ်ကာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးအလုံးသုံးဆယ်ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA)ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်မှာ အရပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် ကိုးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။