ပေါက်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း ၂၅ ဦး သေဆုံး

RFA Burmese
2025.03.03
ပေါက်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း ၂၅ ဦး သေဆုံး မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံတိုရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ အညာမြေ တပ်ပေါင်းစု

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလကနေ မတ်လဆန်းအထိ တစ်လကျော်အတွင်း အရပ်သား ၂၅ ဦး သေဆုံးပြီး နောက်ထပ် ၄၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၃ ရက်နေ့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်မှုမှာ ပေါက်မြို့နယ်ဘက်မှာ အရပ်သားခုနစ်ဦး သေဆုံးခဲ့သလို ညပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နောက်ထပ်တစ်ဦး သေဆုံးခဲ့တာကြောင့် တစ်ရက်တည်းမှာ အရပ်သား ရှစ်ဦး သေဆုံးတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပေါက်မြို့နယ် လက်ပံတိုက လေးဦး၊ သရက်ကန်က သုံးဦးပါတယ်။ မနေ့က ညက ပေါက်ကနေ လက်နက်ကြီးနဲ့ပစ်တာ နေအိမ်ပေါ်ကျပြီး တစ်ယောက် သေဆုံးတယ်။ အဲဒီတော့ မနေ့က တစ်ရက်တည်းမှာ ပေါက်မြို့နယ်ဘက်က ရှစ်ဦး သေဆုံးတယ်ပေါ့နော်။ စစ်ကြောင်းတွေ ဘာတွေတော့မရှိဘူး ဒီနေ့ စက်တပ်လေထီးတွေ ပျံဝဲနေတယ်။ မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ မြိုင်နယ်ဘက်မှာလည်း ခုနစ်ယောက်လောက် သေဆုံးတာရှိတယ်”

ဖေဖော်ဝါရီ လကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့လိုအပ်ကြောင်း သူက ပြောပါတယ်။

ဗုံးခိုကျင်းတွေတူးတာ၊ လေကြောင်းနဲ့ စက်တပ်လေထီးအန္တရာယ်အတွက် အသိပညာပေး လက်ကမ်းစာစောင် တွေ ဖြန့်ဝေတာတွေလည်း လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။