မိုးဗြဲမှာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ
2025.03.02

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အထွက်က တောင်ယာတဲအတွင်းကို မတ်လ ၁ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူလေးဦးထဲမှာ အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး ပါဝင်ပြီး သူတို့ကို မိုးဗြဲ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က မိုးဗြဲ - လွိုင်ကော်လမ်းကနေ စစ်ကြောင်းထိုးနေသလို မိုးဗြဲ အခြေစိုက် ခမရ-၄၂၂ တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ ဆိုသလို ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးဗြဲမြို့အထွက်မှာ တောင်ယာတဲတွေ ရှိတယ်။ အဲဒီမှာကျလာတာ။ ငါးယောက်ထိတာ၊ ကလေးတစ်ယောက် သေသွားတယ်”
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း မိုးဗြဲမြို့ ခမရ-၄၂၂ တပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့အတွင်းကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲ၊ လွိုင်ကော်လမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲနေ့စဉ် ပြင်းထန်နေပြီး နှစ်ဖက်လုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဒုစစ်ဦးစီးချုပ် မာဝီကလည်း RFA ကို မတ်လ ၂ ရက်နေ့မှာ ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့ပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။