ပူးလူးတူ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း KNU ပြော

RFA Burmese
2025.03.15
ပူးလူးတူ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း KNU ပြော ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတပ်၏ ပူးလူးတူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က KNU မှ ထုတ်ပြန်ထားစဥ်။
Karen National Union

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီတပ်ရဲ့ ပူးလူးတူစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကာ ၁၁ ဦး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ကေအဲန်ယူ ဗဟိုက မတ် ၁၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ခဲယမ်းတချို့လည်း ယူဆောင်သွားပြီး အဲဒီအထဲမှာ ဒဏ်ရာရရှိထားတဲ့ သုံးဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၇ ရက်အကြာ မတ် ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်တာလို့ ဆိုပါတယ်။

ပူလူတူစခန်းကုန်းဟာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၃၁) က စစ်ကောင်စီတပ်သား လေးဆယ်ကျော်နဲ့ အထိုင်ချထားတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့အထဲမှာ တပ်ခွဲမှူးလည်း ပါဝင်တယ်လို့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာတွေ နေ့စဥ်ရှိခဲ့ပြီး KNLA ပူးပေါင်းတပ်တွေဘက်က ခြောက်ဦး ထိခိုက်ဒဏ်ရာရကာ သုံးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူးလူးတူ စစ်စခန်းသိမ်းတိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ ထိုင်း-မြန်မာ နယ်စပ်နားက ကလေဖိုးကလိုးကျေးရွာ အပါအဝင် မယ်ကဲ့၊ ကလေမိုးခီးရွာဘက်က ဒေသခံ ငါးရာဝန်းကျင် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။