စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးက လူ လေးဆယ်ကျော်ကို KNLA စောင့်ရှောက်ထား
2025.01.22

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ၃၁ ဗျူဟာကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးက တပ်သား အယောက် လေးဆယ်ကျော် အလင်းဝင်လာတယ်လို့ ဗျူဟာတာဝန်ရှိသူက RFA ကို ဒီနေ့ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လကနေ အခု ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်အတွင်း အလင်းဝင်လာတာဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းခံရသူတွေ များတယ်လို့ သူက ပြောပါတယ်။
"အခု အလင်းဝင်တဲ့ အောင်ဇေယျတပ်တွေက တပ်မ ၅၅ လက်အောက်ခံတပ်တွေက စစ်သားတွေ များပါတယ်၊ သူတို့က မန္တလေးနဲ့ တောင်ကြီးဘက်က စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရပြီး အောင်ဇေယျစစ်ဆင်ရေးကို ပို့လာတဲ့ စစ်ကူစစ်ကြောင်းတွေက စစ်သားသစ်တွေ ပိုများပါတယ်၊ အခု ဇန်နဝါရီ ၁၈ ရက်က ရပ်စောက်မြို့ (ခမရ ၁၁၇) က တပ်သားနှစ်ယောက် ထပ်ဝင်လာတာနဲ့ဆို လူ လေးဆယ်ကျော်ပြီ၊ အခုတစ်ယောက်ကို ကျပ်ငွေ ငါးသိန်းစီ ထောက်ပံ့ထားတယ်"
အာရှလမ်းသစ် စစ်ရေးနယ်မြေထဲမှာ KNLA နဲ့ မဟာမိတ် PDF ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေလို့ စစ်ကောင်စီ စစ်ကြောင်းတွေ ရိက္ခာနဲ့ ခဲယမ်းပြတ်တောက်နေပြီး စစ်စခန်းစွန့်ခွာ အလင်းဝင်လိုသူတွေ ကျန်နေသေးတယ်လို့ အလင်းဝင်လာသူတွေက ပြောပါတယ်။
အလင်းဝင် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ရင်ခွင် ကူညီထောက်ပံ့ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး သူတို့ ဘဝရပ်တည်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဆက်လက်ကူညီမယ်လို့လည်း ဆိုပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်က ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကို ပြန်သိမ်းပိုက်ဖို့ အောင်ဇေယျ စစ်ဆင်ရေးနဲ့ စစ်ကောင်စီက တိုက်စစ်ဆင်နေတာ ဆယ်ရက်ကြာပြီဖြစ်ပေမဲ့ ပြန်လည်စိုးမိုးမထိန်းချုပ်နိုင်သေးပါဘူး။
အောင်ဇေယျစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရတာ၊ စစ်စခန်း၊ စစ်ယာဉ်တန်းနဲ့ လက်နက်ခဲယမ်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးဘဲ ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို မေးမြန်းဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ဇန်နဝါရီ ၂၂ မနက်ပိုင်းအထိ ကော့ကရိတ်မြို့က ကမိုင်ကုန်းကျေးရွာ၊ အာရှလမ်းသစ်နဲ့ မြဝတီမြို့ဘက်က သင်္ဃန်းညီနောင်၊ ကွင်းကလေးကျေးရွာဘက်ကို လှိုင်ဝအမြောက်ကုန်းကနေ အောင်ဇေယျစစ်ဆင်ရေးက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေပြီး အမြောက်နဲ့လည်း ပစ်ကူပေးပါတယ်။
စစ်ကောင်စီမြေပြင်စစ်ကြောင်းတွေနဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ သင်္ဃန်းညီနောင်ကျေးရွာ ဒေသခံက ပြောပါတယ်။