သံတောင်ကြီးက စစ်ကောင်စီ သပြေညွန့်တပ်စခန်းကို KNU သိမ်းပိုက်
2025.03.08

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ သပြေညွန့်တပ်စခန်းကို မတ်လ ၈ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သပြေညွန့် တပ်စခန်းကို မတ်လ ၇ ရက်နေ့မှာ KNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့မှာ သိမ်းဆည်းလိုက်နိုင်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU ) ရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ စခန်းသိမ်းဆည်းရမိတဲ့အပေါ် RFA ကို အတည်ပြုပြောပါတယ်။
"စခန်းကို သိမ်းလိုက်နိုင်တာ မှန်ပါတယ်။ လောလောဆယ် ဒါပဲ ပြောနိုင်ပါသေးတယ်"
အဲဒီစခန်းမှာ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် အထိုင်ချထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်လက်နက်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိထားသလို စခန်းစွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
KNU က စခန်းသိမ်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်း လေးနှစ်နီးပါးအတွင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းက KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာမှု အကူအညီ လိုနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။