ကျောက်ကြီးမြို့နယ်က စစ်ကောင်စီ တပ်စခန်းသုံးခုကို KNU သိမ်းပိုက်
2025.02.16

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ တပ်စခန်းသုံးခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းဆည်းလိုက်တယ်လို့ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာ ကေအဲန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခမရ-၅၆၀ လက်အောက်ခံ နရွဲပင်တပ်စခန်း၊ တောဝိရွာနဲ့ ထိန်တပင်ကြားမှာ တပ်စခန်းနဲ့ ကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း အပါအဝင် စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ကြီးမြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က တပ်စခန်းသုံးခု လက်လွှတ်ရပြီးနောက် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီမနက် မိုးမလင်းခင်ကတည်းက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်နေတော့တာပဲ။ အဲဒီနားက ဒေသခံတွေတော့ ရှောင်ကုန်ကြပြီ။ လေကြောင်းရန်ရော လက်နက်ကြီးကိုရော ကြောက်လို့၊ အကုန် နေရာရွှေ့ကုန်ကြပြီ”
KNU က စခန်းသိမ်းတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်း လေးနှစ်နီးပါးအတွင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းက KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာမှု အကူအညီ လိုနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။