ဖာပွန် ကတိုင်တိစခန်းကို ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ

RFA Burmese
2025.01.23
ဖာပွန် ကတိုင်တိစခန်းကို ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၂ ခုနှစ် အစောပိုင်းက တွေ့ရစဉ်။
Photo: Karen National Union

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက RFA ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြောပါတယ်။

စခန်းကုန်းကို ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းပြီးပြီလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက RFA ကို ပြောပါတယ်။

"ဟုတ်ကဲ့ ဒီနေ့ပဲ သတင်းရရှိတယ်။ ကတိုင်တိ စကစတပ်စခန်းကို ပူးပေါင်းတပ်ဘက်က တက်ရှင်းလို့ပြီးသွားပြီလို့ ပြောတယ်။ ဒါပေမဲ့ စကစတပ်တွေက ရွာအနောက်ဘက်ခြမ်းမှာရှိတဲ့ နယ်ခြားစောင့်တပ် (BGF - 1013) တပ်ရင်းစခန်းမှာ ပြန်စုပြီး ခုခံတိုက်ခိုက်နေပါတယ်။ ဒါကြောင့်ကတိုင်တိကို အပြီးသတ်သိမ်းလို့ရပြီလို့ ပြောလို့မရသေးဘူး"

လက်ရှိမှာ တိုက်ပွဲဆက်ဖြစ်နေပြီး ထိခိုက်သေဆုံးတာနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းနိုင်တဲ့ အခြေအနေတွေ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကတိုင်တိစခန်းကို ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်း စတင်ထိုးစစ်ဆင်ခဲ့ပြီး သုံးပတ်ကျော်အကြာမှာ စခန်းကို ရှင်းလင်းနိုင်တာလည်း ဖြစ်ပါတယ်။

ကတိုင်တိစခန်းဟာ ဖာပွန်နဲ့ ကမမောင်းကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်ပါတယ်။ ဖာပွန်နဲ့ ကမမောင်းကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မထောစခန်း၊ ကူးဆိပ်စခန်း၊ တောင်သုံးလုံး စတဲ့စခန်းတွေကို ပူးပေါင်းတပ်တွေက ၂၀၂၄ နှစ်ကုန်ပိုင်းမှာ သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။