မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး

RFA Burmese
2025.04.30
မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး ပဲခူးတိုင်း မူးမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အားတွေ့ရစဉ်။
Karen National Union

ပဲခူးတိုင်း တောင်ငူခရိုင် မုန်းမြို့နယ်မှာ ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားလေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) က ဧပြီလ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်မှာ ဧပြီလ ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကညင်တိုင်းကျေးရွာ လေကြောင်းကနေ တိုက်ခိုက် ခံရပြီး အသက် ၅၀ အရွယ် ဒေါ်မခိုင်ဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးစိန်ရန်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းတို့သေဆုံးခဲ့သလို နောက်ထပ် အသက် နှစ်နှစ်နီးပါးအရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အလားတူ မနက် ၁၁ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရွာကြီးအင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် မောင်သိန်းဇော်ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်ခံရမှုအတွင်း ကညင်းတိုင်းရွာက နေအိမ်လေးလုံးပျက်စီးခဲ့ရသလို အဲဒီနေ့က ရွှေကျင်မြို့နယ် သရက်သမိန်ရွာမှာလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရွှေကျင်မြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို မနေ့ကပြောဆိုထားပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။