စစ်ကောင်စီနဲ့ KNLA တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူ လေးရာကျော် ရှိလာ
2025.03.02

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသူ ၄၃၆ ယောက် ရှိနေပြီဖြစ်ကြောင်း Chiangrai Times သတင်းမှာ မတ်လ ၂ ရက်နေ့က ဖော်ပြပါတယ်။
ထိုင်းနယ်စပ် တာ့ခ်ခရိုင်အနီးက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရက်အတော်ကြာနေပြီဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် အမျိုးသား အယောက် ၁ဝဝ၊ အမျိုးသမီး ၁၃၆ ယောက်၊ ကလေး အယောက် ၂ဝဝ နယ်စပ်ကတစ်ဆင့် ထွက်ပြေးခိုလှုံလာကြတာလို့ ဆိုပါတယ်။
မတ်လ ၂ ရက်နေ့အစောပိုင်းမှာလည်း စစ်ကောင်စီတပ်က ထိုင်းနယ်စပ်အနီးကို ပေါင် ၅ဝဝ ဗုံးနှစ်လုံး ကြဲချခဲ့ပြီးတဲ့နောက် ထိုင်းဘက်ကလည်း တိုက်လေယာဉ်နှစ်စင်းနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KNU တပ်မဟာ (၇) နယ်မြေ သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးသလို KNU သတင်းပြန်ကြားရေး ဌာနကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
လက်ရှိမှာတော့ ထွက်ပြေးလာသူတွေကို ဒေသအာဏာပိုင်တွေက ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။