ကျိုင်းတုံမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်တာကြောင့် ခုနစ်ဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ
2025.03.02

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ်က စပါယ်ရှယ်တောင်အဆင်းမှာ မတ်လ ၁ ရက်နေ့ ညပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် ခုနစ်ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
စပါယ်ရှယ်တောင်အဆင်း လက်ပံကွေ့ (၁)၊ မိုင်တိုင် ၃၆၆ အကျော်မှာ တာချီလိတ်ကနေ မန္တလေးကို ပြေးဆွဲနေတဲ့ GI Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်တဲ့ အရှိန်ကြောင့် GI Express နဲ့ အတူ လိုက်ပါလာတဲ့ ခရီးသည်တွေအထဲက အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ငါးဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကားပေါ်မှာ ခရီးသည်သုံးဆယ်ကျော် လိုက်ပါလာပြီး ဒဏ်ရာရသူတွေကို ကျိုင်းတုံဆေးရုံရဲ့ အရေးပေါ် ကြပ်မတ်အဆောင်ကို ပို့ဆောင်ပေးထားတယ်လို့ ကျိုင်းတုံမြို့အခြေအစိုက် တိုင်းနေနာရေးကူညီမှုအသင်းက တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"လက်ရှိအချိန် မနက် ၁၀ နာရီအထိ သေဆုံးသွားတဲ့ ခုနစ်ဦးထဲမှာ GI Express ယာဉ်အကူလည်း ပါတယ်တော့ ကြားတယ်။ ယာဉ်မောင်းပါ မပါတော့ သေချာမသိရသေးဘူး၊ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦး သေသွားတာ၊ ဒဏ်ရာရရှိသူက နှစ်ဆယ်ကျော်တယ်ဗျ၊ အဲဒီထဲမှာလည်း ခြောက်ဦးလောက်က တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်"
လတ်တလော အခြေအနေအရ သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ကျိုင်းတုံဆေးရုံရဲ့ ရင်ခွဲရုံမှာ ထားရှိထားပြီး မိသားစုဝင် တွေကို စောင့်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ ရန်ကုန်အခြေစိုက် GI Express ယာဉ်လိုင်းက တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။