ဘန်ကောက်မြို့က တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ပြိုကျမှု မြန်မာနှစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အမြန်လမ်းပေါ်က ဆောက်လုပ်ဆဲ တံတားပြိုကျမှုမှာ မြန်မာနှစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က သေဆုံးသူတွေအတွက် လျော်ကြေးပေးဆောင်စေမှာဖြစ်ကြောင်းနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒီပြိုကျမှုမှာ မြန်မာလူမျိုး နှစ်ဦး၊ ထိုင်းလူမျိုး နှစ်ဦးနဲ့ ထိုင်းအင်ဂျင်နီယာတစ်ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ပြိုကျတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဘန်ကောက်မြို့ ရဲမှူးက ပြောခဲ့ပါတယ်။
မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီနေ့မနက်အစောပိုင်း နှစ်နာရီဝန်းကျင်လောက်မှာ ဘန်ကောက်မြို့တော်ဧရိယာ ဖလန်းဆောင် အမှတ် (၂) နယ်မြေထဲမှာ ဆောက်လုပ်ဆဲ မိုးပျံရထားလုပ်ငန်းခွင် ပြိုကျတာ။ မြန်မာနှစ်ဦး အပါအဝင် အခြား သုံးဦးလည်း သေဆုံးတယ်။ သေဆုံးတဲ့ မြန်မာနှစ်ယောက်နာမည်က ဇင်ကိုအောင်နဲ့ နိုင်လင်းအောင်။ သေဆုံးသူတွေနဲ့ပတ်သက်ပြီး လျော်ကြေးရပိုင်ခွင့်ရှိတယ်။ ထိုင်းဥပဒေအတိုင်း၊ ဒဏ်ရာရတဲ့သူတွေနဲ့ ပတ်သက်လို့လည်း ဒဏ်ရာပျောက်ကင်းတဲ့အထိ အဲဒီထဲမှာမှ ဒုက္ခိတဖြစ်သွားခဲ့ရင်လည်း ထိုင်းဥပဒေမှာ လျော်ကြေးရှိတယ်”လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း မြန်မာအများစု ပါဝင်တယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်နဲ့ ဘန်ကောက်မြို့ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီး ရာမ ၂ လမ်းပေါ်က တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီလမ်းပိုင်း ဆောက်လုပ်ရေးကို ၂ဝ၂၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂ဝ၂၅ ခုနှစ် ဇွန်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းကလည်း ဆောက်လုပ်ဆဲ ဒီတံတားရဲ့ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ စျေးအနီးဘက်ခြမ်းက လုပ်ငန်းခွင်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမား ငါးဦး သေဆုံးခဲ့ပါတယ်။ အဲဒီချိန်က အသက်ဆုံးရှုံးခဲ့တဲ့ တရားဝင် မြန်မာအလုပ်သမားတွေအတွက် နာရေးစရိတ် ထိုင်းဘတ်ငွေ ငါးသောင်းနဲ့ နစ်နာကြေး ထိုင်းဘတ် ရှစ်သိန်းခန့် (၇၈၉,၀၀၀) ပေးဖို့ ထိုင်းအာဏာပိုင်တွေက သတ်မှတ်ပေးခဲ့တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်း (AAC) က ပြောထားပါတယ်။
ရာမ ၂ လမ်းပေါ်မှာ ဆောက်လုပ်နေတဲ့ မိုးပျံရထား ဆောက်လုပ်တဲ့လုပ်ငန်းခွင်ဟာ မကြာခဏပြိုကျပြီး လူသေဆုံးတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။ ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၅ ခုနှစ် မတ်လအတွင်း ဒီတံတားဆောက်လုပ်တဲ့ လုပ်ငန်းခွင်မှာ မတော်တဆမှု ၂၂၄၂ ခု ရှိခဲ့ပြီး သေဆုံးသူ ၁၄၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၄၄၁ ဦး ရှိတယ်လို့ Khaosod သတင်းက ဖော်ပြထားပါတယ်။