ညောင်လေးပင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

RFA Burmese
2023.09.05
ညောင်လေးပင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးကြောင်း KNU ထုတ်ပြန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းမှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) က စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်းက နတ်သံကွင်းမှာ အခြေချထားတဲ့ ခြေလျင် တပ်ရင်း ခလရ ၂၆၄ ကနေ စက်တင်ဘာ ၂ ရက်နေ့က တရေးစီလော (နရွဲပင်) ရွာကို ၁၂၀ မမ၊ ၈၀ မမ တို့နဲ့ ပစ်ခတ်တာ ကြောင့် အစိုင်း (ခေါ်) စိုင်းသူရထွန်း ၂၇ နှစ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာတော့ နွားရေချောင်းကျေးရွာကို ၈၁ မမ လက်နက်ကြီး ၁၅ လုံး လောက် ပစ်ခတ်ခဲ့တာကြောင့် ကိုစောထွန်းနိုင် ၄၅ နှစ် သေဆုံးခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာလည်း သမင်အင်းကုန်းကျေးရွာသား နှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက်နေ့က ရွှေကျင်မြို့ပေါ် စျေးဝယ်သွားတဲ့ အင်းကနီနဲ့ ကျောက်တန်း ရွာသား လေးဦးကို ဖမ်းဆီးပြီး ငွေ ၁၀ သိန်းပေးပြီး ဝန်ခံကတိနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့် ရှိသူတိုင်းစီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေ မယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် သြဂုတ်လတုန်းကလည်း ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။