ပုဒ်မ ၅၀၅ နဲ့ ဝရမ်းအထုတ်ခံရသူ လေးထောင်နီးပါးရှိ

2022.01.31
ပုဒ်မ ၅၀၅ နဲ့ ဝရမ်းအထုတ်ခံရသူ လေးထောင်နီးပါးရှိ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ကျန်းမာရေးဝန်ထမ်းများ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

စစ်ကောင်စီက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထိန်းချုပ်တဲ့ အနေနဲ့ ၅၀၅ နဲ့ ၅၀၅ (က) လို ပုဒ်မတွေကို အသုံးပြုပြီး တစ်နှစ်အတွင်း လူ လေးထောင်နီးပါးကို ဝရမ်းထုတ်၊ ဖမ်းဆီး၊ ထောင်ချခဲ့ကြောင်း FEM ခေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (မြန်မာ) အဖွဲ့က ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အာဏာသိမ်း တစ်နှစ်အတွင်း ပုဒ်မ ၅၀၅ နဲ့ ၅၀၅ (က) အထုတ်ခံရသူ စုစုပေါင်း ၃,၉၉၅ ဦးရှိပြီး အဲဒီထဲမှာ ထောင်ချခံရသူ ၁၄၃ ဦးပါဝင်တယ်လို့ FEM က ဆိုပါတယ်။

အဲဒီပုဒ်မတွေနဲ့ ဝရမ်းထုတ်ခံရသူ လေးထောင်နီးပါးနက် တစ်ဝက်လောက်က ဘေးလွတ်ရာ မှာ ပုန်းရှောင်နေရပြီး၊ ကျန်တစ်ဝက်လောက်ကတော့ တိုင်းပြည်ကနေ ထွက်ပြေး သွားကြ တယ်လို့ ဆိုပါတယ်။ သူတို့အထဲက အများစုဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဖြစ်ပြီး၊ ရန်ကုန်တစ်မြို့တည်းကနေ ပုဒ်မ ၅၀၅ နဲ့ အဖမ်းခံရသူ ၇၀၀ ကျော်ရှိတယ်လို့ FEM က ပြောပါတယ်။

ကျန်သူတွေက ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က ဖြစ်ပြီး ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တို့မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် တစ်ဦးချင်း အဖမ်းခံရသူတွေ ပိုများ၊ ထောင်သက်ပိုရှည်တယ်လို့လည်း FEM က ဆိုပါတယ်။
ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံရသူ လေးထောင်နီးပါး ဆိုတာဟာ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ စာရင်းသာဖြစ်ပြီး၊ စစ်ကောင်စီ ဖုန်းကွယ်ထားတဲ့ အမှန်တကယ် အရေအတွက်ဟာ တစ်သောင်းနီးပါးထိ ရှိနိုင်တယ်လို့လည်း FEM ခေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (မြန်မာ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဒ်မ ၅၀၅ ဟာ အများပြည်သူအကျိုး ပျက်စီးစေမှုဖြစ်ပြိး၊ ပုဒ်မ ၅၀၅ (က) ကတော့ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုက အရာရှိစစ်သည်တွေကို ပုန်ကန်အောင် ဒါမှမဟုတ် တာဝန်ဝတ္တရား ပျက်ကွက်အောင် စည်းရုံးလှုံ့ဆော်မှုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။