မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ၃၈ ဦး ပုဒ်မ ၅ ခုနဲ့ တရားစွဲခံရ

2021.04.24

မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့အတူ ပြည်သူ ၃၈ ဦးကို လူသတ်မှု၊ နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဧပြီလ ၂၃ ရက် မနေ့က မုံရွာခရိုင်တရားရုံးမှာ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။

မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ရဲမှူး ခင်သန်းဆိုသူက တရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ - ၃ဝ၂(လူသတ်မှု)၊ ပုဒ်မ - ၃၆၄(လူသတ်ဖို့ရည်ရွယ်ပြီး လူကိုသွေးဆောင်ခေါ်ယူမှု)၊ ပုဒ်မ-၃၄၂ (လူတစ်ယောက်ကို မတရားချုပ်နှောင်မှု)၊ ပုဒ်မ-၅ဝ၅(က) (တပ်ကို အကြည်ညိုပျက်အောင် လုပ်မှု)၊ ပုဒ်မ -၁၄၉ (ဥပဒေနဲ့မညီဘဲလူစုလူဝေးစုဖွဲ့မှု) စတဲ့ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခံလိုက်ရတယ်လို့ မိသားစုနဲ့ ရှေ့နေက ပြောပါတယ်။

တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

“မနေ့က အမှုစွဲတင်တယ်။ တရားလိုက ရဲမှူး ခင်သန်းတဲ့။ အမှုတစ်မှုတည်းမှာ ပုဒ်မ ၅ ခုနဲ့ တရားစွဲ ဆိုတယ်။ မနေ့ကတော့ အကြောင်းကြောင်းကြောင့် (Video Conferencing) နဲ့ ထုတ်တဲ့အချိန်မှာ မသွားလိုက်ရဘူး။ ကြားသိရသလောက်တော့ (Video Conferencing) နဲ့ ထုတ်တယ်လို့ သိရတယ်။ အမြင်အားဖြင့်တော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တဲ့ ပုံသဏ္ဍန်ရှိတယ်လို့ သိရပါတယ်”

ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကိုဝေမိုးနိုင်ရဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာကို လက်ခံဖို့စီစဉ်ထားပြီး မေလ ၇ ရက်နေ့ ရုံးချိန်းမှာတော့ ကိုဝေမိုးနိုင်ရဲ့ ရှေ့နေအနေနဲ့ အမှုကို စတင်လိုက်ပါဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

မုံရွာက ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကိုဝေမိုးနိုင်ဟာ ဧပြီလ ၁၅ ရက်နေ့က အရပ်ဝတ်နဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေက ကိုဝေမိုးနိုင် စီးလာတဲ့ဆိုင်ကယ်ကို အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့တာပါ။

ဖမ်းဆီးသွားကတည်းက မိသားစုနဲ့ တွေ့ခွင့်မရဘဲ အဆက်အသွယ်ဖြတ်ခံထားရတဲ့အတွက် အများနည်းတူ ရုံးထုတ်စစ်ဆေးပြီး ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးဖို့ မိခင် ဒေါ်မိုးစန္ဒာကြူက တောင်းဆိုခဲ့သလို၊ စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေကိုလည်း လုံးဝ ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

“လူသတ်မှုကတော့ မကျူးလွန်ဘူးဆိုတာ အားလုံးအသိပဲ။ အမှုတွေက စွဲထားပြီဆိုတော့ အန်တီတို့ ရင်ဆိုင်ဖြေရှင်းရမှာပေါ့။ ဘယ်မှာချုပ်နှောင်ထားတယ် ဆိုတာမျိုးကိုတော့ အမေတစ်ယောက်အနေနဲ့ အရမ်းသိချင်နေတယ်။ ကျန်းမာရေးဆိုတာကလည်း ရှေ့နေတွေဆီက သိရပေမယ့် ရှေ့နေတွေကလည်း တိုက်ရိုက်မြင်ရတာ မဟုတ်ဘူးဆိုတော့ နည်းနည်းတော့ စိတ်ပူမိသေးတယ်။ တရားရုံးတွေမှာ အများနည်းတူ ရုံးထုတ်တာမျိုး ဖြစ်စေချင်တယ်။ ရှေ့နေတွေနဲ့လည်း စကားပြောခွင့် ပေးစေချင်တယ်။ ချုပ်နှောင်ထားတဲ့နေရာကိုလည်း သိချင်တယ်။ တွေ့လို့ရမယ်ဆိုရင်လည်း ကိုယ်တိုင်တွေ့ချင်တယ်”

မတ်လ ၂၅ ရက်နေ့က မုံရွာမြို့မှာ ရဲနှစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်တို့ကို မုံရွာခရိုင် တရားရုံးမှာ တရားစွဲဆိုလိုက်သလိုပဲ နောက်ထပ် အသက်မပြည့်သေးသူ လေးယောက်ကိုလည်း ကလေးသူငယ်တရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့တာပါ။

တရားစွဲဆိုခံရသူတွေဟာ ဆန္ဒပြပွဲမှာ ပါဝင်သူတွေမဟုတ်ဘဲ ရဲနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်သူ၊ ရပ်ကွက်သားတွေဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာကို အာခံတဲ့သူတွေကို ပစ်မှတ်ထားပြီး ဒီလိုမျိုးပုဒ်မတွေတပ်ပြီး နှိပ်ကွပ်တဲ့ ဖိနှိပ်တဲ့ သဘောတရားဖြစ်တယ်။ လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် အစကတည်းက အာဏာမသိမ်းသင့်ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တဲ့ကိစ္စတွေကို ရက်ရက်စက်စက် လုပ်နေတယ်။ လူသတ်တာတွေ၊ ညှဉ်းပမ်းနှိပ်စက်တာတွေ၊ မတရားဖမ်းဆီး ထောင်ချတာတွေ အကုန် လုံးက သူတို့လုပ်နေကြအတိုင်း လုပ်နေတာဖြစ်တဲ့အတွက် ထူးတော့မထူးဆန်းဘူး။ အာဏာသိမ်းတဲ့ အချိန်ကတည်းက စပြီးတော့ အခုအချိန်ထိ တရားဥပဒေနဲ့အညီလုပ်တာ ဘာတစ်ခုမှ မတွေ့ရဘူး”

လက်နက်အားကိုးနဲ့ လူတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေကို မှတ်တမ်းယူထားတာကြောင့် နောင်တစ်ချိန်မှာ သေချာပေါက် ခုံရုံးတင်ခံရ၊ အပြစ်ပေး အရေးယူခံရမယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်းက ဆိုပါတယ်။

ဆန္ဒပြပွဲတွေ လုံးဝမလုပ်နိုင်အောင် နေရာစုံမှာ စစ်ကောင်စီတပ်တွေက တားဆီးပိတ်ဆို့ထားတဲ့ ကြားကပဲ မုံရွာမှာတော့ ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆန္ဒပြပွဲတွေကို ဆက်ပြီးလုပ်ဆောင်နေကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ အယောက် ၇ဝဝ ကျော်ရှိသွားပြီဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရတဲ့သူ ၃၂ဝဝ ကျော် ရှိနေပြီလို့ စာရင်းထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။